မင်းလှ ၃ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ ရေစက်တန်းလမ်းတွင် မေ ၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မူကြောင့် ရေစက်တန်းလမ်းနေ ဦးမြင့်ဌေးဦး၏နေအိမ် သွပ်များအမိုးလန်၊ ဒိုင်းနှင့် မြှားတန်းများပျက်စီးခဲ့ပြီး၊ ဦးဇော်ဝင်းထွန်း၏ နေအိမ်တွင်လည်း သွပ်အမိုးလန်၊ ဒိုင်းဝါးများပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခံရသည့်နေအိမ်အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


