နောင်တရား ၃ မေ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ ကောင်ဝိုင်းကျေးရွာ၌ ကျွဲအကောင်ရေ ၁၀၄ ကောင်အား ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းနှင့် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သည်။

 

ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း (Pilot Project) ဒေသဖြစ်သည့် ကောင်ဝိုင်း ကျေးရွာတွင် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက မွေးမြူရေးကဏ္ဍဖြင့် တောင်သူများ ဝင်ငွေပိုမိုတိုးတက်လာစေရန် နည်းလမ်းများကို လည်းကောင်း၊ နောင်တရားမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးခွန်သန်းထွန်းက ကျွဲ၊ နွား ကူးစက်ရောဂါကာကွယ်တားဆီးရေးနှင့် ဖြစ်ပွားတတ်သည့် ရောဂါများအကြာင်းကိုလည်းကောင်း ဟောပြော ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့တောင်သူ ၅၀ ဦးခန့် တက်ရောက်ခဲ့သည်။ 

 

ထို့နောက် ကျေးရွာအတွင်းရှိ ကျွဲ၊ နွား ၁၀၄ ကောင်အား ပေါင်ပုပ်၊ လက်ပုပ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေသည့်ဒေသများသို့ အသိပညာပေးဟောပြောပွဲနှင့်  တိရစ္ဆာန်ရောဂါကာကွယ် ဆေးထိုးနှံခြင်းကိုလည်း ကျေးရွာများအရောက် အကြိမ်(၂၀)ခန့် သွားရောက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)