သထုံ ၃ မေ
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ သထုံမြို့၊ သိမ်ကုန်း ရပ်ကွက် ကရင်နှစ်ခြင်းအသင်းတော်ကျောင်းရှိ နွေရာသီကရင်စာပေနှင့် အင်္ဂလိပ်စာသင်တန်း၌ မေလ ၃ ရက်၊ နံနက်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အပူဒဏ်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊ နရံကပ်စာစောင်များပြသခြင်းတို့ကို လိုက်လံပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပစာပေဖတ်ရှုမှုမြင့်မားပြီး အသိပညာဗဟုသုတ ကြွယ်ဝစေရန်နှင့် အပူဒဏ်ကြောင့် ခေါင်းမူးခြင်း၊ အော့အန် ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခန္ဓာကိုယ်အင်အားကုန်ခမ်း၊ ဦးနှောက်ထိခိုက်နိုင်သော ရောဂါများ ဖြစ်ပေါ်တတ်သဖြင့် အပူဒဏ် ကာကွယ်နိုင်သည့် အမိုး၊ အကာနှင့် အဆောက်အဦအတွင်း နေထိုင်ကြရန်၊ နေ့လယ် အပူချိန်မြင့်မားသည့်အချိန်တွင် မြစ်ဆိပ်၊ ရေဆိပ်၊ ရေကန်များနှင့် ရေတွင်းတို့၌ ရေချိုးခြင်း မပြုလုပ်ကြရန်၊ နေအိမ်အတွင်း ရေစိုဝတ်များဖြင့်ပတ်၍ အိပ်စက်ခြင်း မပြုလုပ်ကြရန်နှင့် အပူဒဏ် ကာကွယ်ရေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သိရှိစေရန်တို့ကို ဆွေးနွေးဟောပြောသည်။
အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး၊ မီးဘေးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးတို့နှင့် ပတ်သတ်သည့် နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် တက်ရောက်လာသူတို့က စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


