မိတ္ထီလာ ၃ မေ 

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နိုင်သော ကျေးလက်ဒေသများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မေ ၂ ရက်က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ပေးဝေကြောင်း သိရသည်။

 

ထိုသို့ ပေးဝေရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ် လျှော်ဖြူပင်ကျေးရွာ၊ သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူများ နွေကာလသောက်သုံးရေ အဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် စနစ်တကျ ပေးဝေခဲ့ကြသည်။

 

ယခုနှစ်တွင် မိတ္ထီလာခရိုင်အတွင်း သောက်သုံးရေရှားပါးပြတ်လပ်နိုင်သော ကျေးရွာပေါင်း ၂၇ ရွာရှိနိုင်ကြောင်း ခန့်မှန်းထားပြီး မေ ၂ ရက်အထိ ကျေးရွာ ရှစ်ရွာတွင် ရေပေးဝေခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသော သောက်သုံးရေရှားပါး ပြတ်လပ်နိုင်သော ကျေးရွာများကိုလည်း ရေသယ်ယာဉ်များဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မင်းမြင့်မိုရ်(ငါန်းဇွန်)