ပင်လည်ဘူး  ၃  မေ   

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့၌ ကျေးလက်နေပြည်သူအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး အိမ်တွင်းမှု မုန့်ဖုတ်လုပ်ငန်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စားသောက်ကုန် မုန့်ဖုတ်နည်း သင်တန်းကို မေ ၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ဖွင့်လှစ်ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ၊ မုန့်ဖုတ်ပြုလုပ်နည်းသင်တန်းဆရာမနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးသက်ထွန်းဇော်က မုန့်ဖုတ်နည်းသင်တန်း ဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးလက် ဦးစီးမှူး ဦးသက်ထွန်းဇော်က သင်တန်းအတွက် သင်ထောက်ကူ အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။  

 

အဆိုပါမုန့်ဖုတ်နည်းသင်တန်းကို မေ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ  ၁၀ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတွင် ကျောက်ကျောမုန့်၊ ကြက်ဥပူတင်း၊ ကဇွန်းဥပူတင်း၊ ငှက်ပျောပူတင်း၊ ခါကြက်ဥပူတင်း၊ ဆယ်မိုင်ဆနွင်းမကင်း၊ ရွှေချည်ဆနွင်းမကင်း၊ ကြက်ဥဂျယ်၊ သီးစုံဂျယ် စသည့်မုန့်လုပ်နည်းများကို  စာတွေ့လက်တွေ့ ပြုလုပ်ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျေးရွာများမှ သင်းတန်းသူ ၁၀ ဦးတက်ရောက်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)