မယ်စဲ့  ၃  မေ 

 

ကယားပြည်နယ်အတွင်းရှိ နိုင်ငံတကာဆက်သွယ်ရေးလမ်းပိုင်းဖြစ်သည့် ဖားဆောင်း-မယ်ဆည်နမ်-မယ်စဲ့-နမ့် မန်း- ဘီပီ(၁၃)လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာဆက်သွယ်ရေးလမ်းပိုင်းဖြစ်သော ဖားဆောင်း-မယ်ဆည်နမ်-မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့် ဖားဆောင်း-မယ်ဆည်နမ်လမ်းပိုင်းနှင့် နမ့်မန်း- ဘီပီ(၁၃)လမ်းပိုင်းတို့ကို ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာအဆင့် မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေစုစုပေါင်းကျပ် ၂၈၂၆ ဒသမ ၂ သန်းဖြင့် မိုင်တိုင်၂၀/၄ မှ မိုင်တိုင် ၃၀/ဝ အထိ ၁၂ ပေမှ၁၈ပေအကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အကျယ် ၃၄ ပေ လမ်းတာဘောင်တိုးချဲ့ခြင်းလုပ်ငန်း၊ မျက်ကွယ်ကုန်းများဖြတ်ထုတ်ခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တင်ဒါအောင်ကုမ္ပဏီ(၁၄)ခုတို့မှ Lot အလိုက် ဇန်နဝါရီလမှစ၍ လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလ အတွင်း လုပ်ငန်းပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းတွင်ကျန်ရှိသည့် မယ်စဲ့-ဝမ်ကန် အရှည်၃မိုင်နှင့်ပေ ၃၆၀ လမ်းပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းများပြီးစီးပါက တစ်ဖက်အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ၊ နှစ်နိုင်ငံကူးသန်းသွားလာရေး အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာ ဦးသန်းဌေးထံမှ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

IMG-f37f