ကျောင်းကုန်း  ၃ မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရေကြီးနစ်မြုပ်မှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ဒါးကမြစ်နှင့် မင်းမနိုင်ချောင်းဆုံရာတွင် ပေါ်ထွန်းနေသည့် သဲသောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉  နာရီခွဲအချိန် အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ ခန့်မှန်းကုန်ကျငွေ(၃၂)သန်း ချထားပေးကြောင်း ပြောကြားခဲ့ပြီး၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော် က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းခံပေးကြောင်း ပြောကြားခဲ့သည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာ ဦးလှသူ က မိုးနှင့်နီးကပ်နေသဖြင့် လာမည့်နှစ်မှသာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ ကြိုတင်စီမံထားဖို့လိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့မိမြို့ဖ ဦးတင်မောင်က စွန့်ပစ်မြေများအား စနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် လုပ်ငန်းဆောင်ရွက်မည့် သဲသောင်ပြင်အား သွားရောက်ကြည့်ရှုခဲ့ကြပြီး၊ ကျောင်းကုန်းမြို့ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားရှိရန် ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)