မေ ၃ ပဲခူး

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ လမ်းကွန်ရက်ချိတ်ဆက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် တစ်ခုနှင့်တစ်ခု အမှီပြုပြီး ကုန်းလမ်းကြောင်းအရ ချိတ်ဆက်မှု အများဆုံးဖြစ်ကြောင်း၊ ကဝမြို့နှင့်လှည်းကူးမြို့သို့ ဆက်သွယ်သော (သပြု-ဒါးပိန်)လမ်းသည်နောင်တစ်ချိန်တွင် သီလဝါအထိ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ခရမ်း-သုံးခွ-သနပ်ပင်လမ်းကိုလည်း မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ကုန်းတွင်း ထွက်ပေါက်တစ်ခုအဖြစ် အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပေါင်းစပ်၍ လမ်းကွန်ရက်များ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့နှင့် ပဲခူးမြို့အား တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် ချိတ်ဆက်ရမည့် လမ်းကွန်ရက်များ ဖော်ဆောင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် နီးကပ်လျက်ရှိသော လှည်းကူးမြို့ကိုလည်း အဆင့်မြှင့် တင်ရန် အမြန်လမ်းမကြီးဘေးတွင် Green City တစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ၍ ပဲခူး ဒေသအတွက်လည်း တစ်ဖက်တစ်လမ်းမှ လူမှုစီးပွားဘဝများ မြှင့်တင်ပေးရန် အထောက်အပံ့ ဖြစ်စေနိုင်မှာ ဖြစ်ကြောင်း၊

ပဲခူးမြို့သည် အပြည်ပြည်ဆိုင်ရာ လမ်းကွန်ရက်များ၏ ဆုံချက်ဗဟိုတွင် တည်ရှိနေ၍ မကြာမီအချိန်အတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လမ်းကွန်ရက်များ၊ အမြန်လမ်းမကြီးများ ဖောက်လုပ်ရာတွင် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မြို့များတွင် မြို့ရှောင်လမ်းများ ထည့်သွင်းဆောင်ရွက်ရန်ကိုလည်းကောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ချိတ်ဆက်ဆောင်ရွက်မည့် လမ်းကွန်ရက်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝေါမြို့မှ စစ်တောင်းတူးမြောင်းအတိုင်း ရန်ကုန်တိုင်း ဒေသကြီးနှင့် ချိတ်ဆက်မည့် အမြန်လမ်းတစ်ခု ထပ်မံဖောက်လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ပဲခူး-ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်း (ဘုရင့်နောင်စစ်ချီလမ်း) အား မော်တော်ယာဉ်များဖြင့်လှည့်လည်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)