နေပြည်တော် ၃ မေ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ ညနေ ၄ နာရီက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူးမားအား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်သော စပါးဇီဝဥယျာဉ် စီမံကိန်းနှင့် အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာနတို့ဖြင့် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှုဆောင်ရွက်ချက်များ၊ အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ရေးနှင့်ဆည်မြောင်း ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ကနဦး ရင်းနှီးငွေနည်းနည်းဖြင့် မြန်မာ့တောင်သူများ လယ်ယာသုံးစက်ကိရိယာ သုံးစွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ကျေးလက်တိရစ္ဆာန် ကျန်းမာရေး လုပ်သားသင်တန်းနှင့်တိရစ္ဆာန်မွေးမြူရေးကျန်းမာရေး၊ စီမံခန့်ခွဲရေးအတွက် လေ့ကျင့် သင်ကြားပေးခြင်းစီမံချက်များပါဝင်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရှိရသည်။
(သတင်းစဉ်)


