နေပြည်တော်   ၃   မေ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ  နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းတွင် လက်ခံကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးမြင့်သူ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် (အာရှနှင့် ပစိဖိတ်) မစ္စတာ မာဘု အူဇမန် (Mr. Mahbub Uz Zaman, Secretary – Bilateral, Asia and the Pacific) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် အစီအမံများ စီစဉ်ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေးတို့အတွက်လိုအပ်သည့် အစီအမံများဆောင်ရွက်ထားရှိမှု၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်ပြီးစီးမှုတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင်၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်းကျင်တွင် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသွားသူများအနေဖြင့် ၎င်းတို့ ဆန္ဒအလျောက် နေရပ်ပြန်လာရာတွင် စနစ်တကျ စိစစ်လက်ခံရေးနှင့် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများအား ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှစ်နိုင်ငံ အကြား လက်ရှိထူထောင်ထားသော ယန္တရားများမှတစ်ဆင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ် လက်ခံရာတွင် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို နှစ်ဖက်အဖွဲ့ငယ်များ ဖွဲ့စည်းလျက် အဖြေရှာဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က နေရပ်စွန့်ခွာသွားသူများကို ပြန်လည်စိစစ် လက်ခံရာတွင် နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် “Arrangement on Return of the Displaced Persons from Rakhine State” နှင့် “Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of the Displaced Persons from Rakhine State” တို့ကို အခြေခံ၍ စနစ်တကျ ပြန်လည်စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေး ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က နှစ်နိုင်ငံအကြား ဖြစ်ပွားလေ့ရှိသည့်ကိစ္စရပ်များကို နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း အဖြေရှာဆောင်ရွက်ခြင်းဖြင့်သာ အဖြေရှာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင်လည်း နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် အစီအမံများအတိုင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ထို့အပြင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော အစီ အစဉ်များ မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံလူသားချင်း စာနာမှုနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာနတို့နှင့် ပူးပေါင်းလျက် ရခိုင်ပြည်နယ်အတွင်း အာဆီယံမှ ပံ့ပိုးဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား အထောက်အကူဖြစ်စေမည့် အစီအစဉ်များကိုလည်း အသိပေးပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲ လုပ်ငန်းအဖွဲ့၏ ငါးကြိမ်မြောက် အစည်းအဝေး ကျင်းပမည့်နေ့ရက်နှင့် နေရာတို့ကို သံတမန် လမ်းကြောင်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn