နေပြည်တော်  ၃  မေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ဝ(ရခိုင်)ကျေးရွာ၌ နေထိုင်သည့် တပ်မတော်မှ တပ်ကြပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ဦးစိန်ကုလား အား AA အဖွဲ့က မေ ၁ ရက်တွင် ဓားဖြင့်ခုတ်၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပီကောက်ဝ(ရခိုင်)ကျေးရွာနေ တပ်ကြပ်ကြီး(အငြိမ်းစား) ဦးစိန် ကုလား (ဘ)ဦးထွန်းစိန်သည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဉ် ယင်းနေ့ ညသန်းခေါင်ကျော်၁၂ နာရီခွဲခန့်တွင် AA အဖွဲ့မှ တုတ်/ဓား ကိုယ်စီ ကိုင်ဆောင်ထားသူ ၁၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်ကြပ်ကြီး (အငြိမ်းစား) ဦးစိန်ကုလားတွင် ဓားဒဏ်ရာအများအပြားဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ ၎င်း၏ဇနီးဖြစ်သူမှာ နဖူးဒဏ်ရာတစ်ချက်ဖြင့် သတိလစ်မေ့မြောလျက်ရှိသဖြင့် အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပီကောက်ဝ(ရခိုင်)ကျေးရွာနေသူများအား စုံစမ်းချက်များအရ သေဆုံးသူ ဦးစိန်ကုလားသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက် ဆက်နွယ်သူ မဟုတ်ကြောင်းနှင့် မိသားစုနှင့်သာ အေးအေးချမ်းချမ်း နေထိုင်သူ ဖြစ်ကြောင်း သိရှိရသည်။ 

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုမရှိစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး အပြစ်မဲ့ ဒေသခံပြည်သူများအား သတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်စာ ပေးပို့ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ယနေ့အချိန်အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အပြစ်မဲ့ဒေသခံပြည်သူ ၁၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၉ ဦး ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)