မန္တလေး ၃ မေ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရားဝင်းအတွင်း၌ ကျင်းပသည်။
ငြိမ်းချမ်းရေးဓမ္မသဘင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က “မေတ္တာလွှမ်းမှ ငြိမ်းချမ်းမယ်” တရားတော်ကို ဟောကြားချီးမြှင့်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ မန္တလေးမြို့မှ တရားချစ်ခင်သူတော်စင်များက တရားတော်ကို နာယူ ကြည်ညိုကြသည်။
ငြိမ်းချမ်းရေးဓမ္မသဘင်မစတင်မီ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးမြို့တော်ဝန်တို့က အလှူငွေများအားလက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား မန္တလေးမြို့ မဟာမုနိဘုရားကြီး အရှေ့ဘက်မုခ် ဦးဘသာတန်ဆောင်းတွင် မေ ၂ ရက်မှ ၇ ရက်နေ့နံနက်ပိုင်းထိ ဒေသခံပြည်သူများ ဖူးမြော် ကြည်ညိုနိုင်ရန် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီးတွင် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအား ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်မှုဖြင့် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ၊ နိုင်ငံသားများ စုပေါင်းအင်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အစဉ်ထာဝရ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်တောင့်တလျက် တည်ထားကိုးကွယ်လျက်ရှိသည်။
(သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-မင်းသီဟထွန်း)


