ကမ္ဘာ့ဖွံ့ ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံတစ်ခုအဖြစ်မှသည် တည်ငြိမ်သော၊ တိုးတက်မြင့်မားသော အနေအထားရှိသည့် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာစေရန် တွန်းတိုက်အားထုတ်ရင်း ကြိုးပမ်းနေရချိန် ဖြစ်သည့် အတွက် မြန်မာနိုင်ငံသားတို့အဖို့ ယနေ့ကာလသည် ရုန်းကန်လှုပ်ရှားမှု များဖြင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့်အချိန်ဟုဆိုရမည် ထင်ပါသည်။


လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း ဤသို့ဤနှယ် တပင်တပန်း ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရသည်ပဲဖြစ်သော်လည်း ယနေ့ကာလက များစွာသော မျှော်လင့်ချက်များ၊ အလင်းရောင်များ ပေါ်ထွန်းလာနေသည်က အတန်ငယ် သက်သာရနိုင်မည်ဟု တွေးမိပါသည်။ ထို့ပြင် ကိုယ်တိုင် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့် အုပ်ချုပ်နေခြင်း၊ ဒီမိုကရေစီ အတော်အတန် ပွင့်လင်းလာနေခြင်းတို့ကြောင့် မိမိ တင်မြှောက်ထားသည့် အစိုးရအပေါ်၊ လွှတ်တော်များအပေါ် ပွင့်ပွင့် လင်းလင်း ထောက်ပြပြောဆိုခွင့်ရှိလာခြင်းကလည်း တိုးတက်လာမှုဟု ဆိုရမည် ထင်ပါသည်။


နှစ်ပေါင်းများစွာ ဆုတ်ယုတ်ခဲ့ရသည့် နယ်ပယ်စုံ၊ ကဏ္ဍစုံတို့ကို ပြန်လည်မြှင့်တင်ရန် အားထုတ်နေသည့်ကာလဖြစ်သည့်အတွက် များစွာ သော မူဝါဒဆိုင်ရာပြင်ဆင်မှု၊ စီမံမှု၊ ကြံဆမှုတို့ကို ဆောင်ရွက်နေရင်း ထိရောက်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ မှန်ကန်သည့်ဆုံးဖြတ် ချက်များ ချမှတ်နိုင်ရန်တို့ကို ဘက်စုံတွေးဆရသည်များလည်း ရှိနေ သည်ဟု နားလည်နိုင်ကြမည်ဟု ယုံကြည်မိသည်။


တစ်နိုင်ငံလုံးနှင့် ခြုံငုံစဉ်းစားရသည့်အခါ၊ တိုင်းရင်းသားလူမျိုးများ၊ အားလုံးသော နိုင်ငံသားများ၏အရေးကို သိုင်းဝိုင်းဆုံးဖြတ်ရသည့်အခါ ဘက်စုံနယ်ပယ်စုံ ဖြန့်ကြက်လေ့လာဆန်းစစ်ရပါမည်။ စီးပွားရေးရာ ရှုထောင့်၊ နိုင်ငံငြိမ်းချမ်းရေး ရှုထောင့်၊ အမျိုးသားသင့်မြတ်ရေး ရှုထောင့်၊ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်၊ နိုင်ငံတကာ ဆက်ဆံရေးရာ ရှုထောင့် စသည်ဖြင့် အဘက်ဘက်က ရှုထောင့်မျိုးစုံကို လေ့လာအကဲဖြတ်ရခြင်းများ ရှိပါမည်။


အချို့သော ရှုထောင့်များက လေ့လာဆန်းစစ်လျှင် ကောင်းမွန်မှန်ကန် မည်ဖြစ်ကောင်းဖြစ်သော်လည်း အခြားအခြားသော ရှုထောင့်များဘက်မှ ချိန်ညှိရသည့်အခါ ဆုံးဖြတ်ချက် အလွယ်တကူ မချနိုင်သည်များလည်း ရှိနေမည်ဟု မြင်ပါသည်။


တစ်ခါတစ်ရံ၌ အပေါ်ယံအမြင်တွင် ဤသို့ ဆုံးဖြတ်ချက် ချမှတ်သင့် သည်ဟု ယူဆရသော်လည်း ထိုသို့ ဆုံးဖြတ်ချက်မချနိုင်သည့် အနေ အထားများ ရှိနေနိုင်ပါသည်။


နိုင်ငံ့အရေးဖြစ်သည့်အတွက်၊ ပြည်သူလူထုတို့၏ ငြိမ်းချမ်းရေး ဖြစ်သည့်အတွက်၊ ပြည်သူတို့ စားဝတ်နေရေး ပြေလည်ရေးနှင့် လုံခြုံရေး ဖြစ်သည့်အတွက်၊ တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးရေးဖြစ်သည့်အတွက် ပိုမို ချိန်ဆရသည်များလည်း ရှိပါမည်။


မည်သို့ဆိုစေ၊ ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုပြီး ရေရှည်အမြော်အမြင်ကြီးသည့် အဆုံးအဖြတ်မျိုးဖြစ်ကာ ပြည်သူတို့ကိုလည်း နားလည်အောင် ရှင်းလင်းတင်ပြရင်း၊ ပွင့်လင်းမြင်သာ မှုကို တည်ဆောက်ရင်း၊ နိုင်ငံရေးခေါင်းဆောင်များသည် ပြည်သူ တို့နှင့်အတူ အေးအတူပူအမျှ အတူတကွ ကြိုးပမ်းအားထုတ်နေကြသည် ဆိုလျှင် မည်သို့သော အကျပ်အတည်းများ၊ အခက်အခဲများ၊ နာကျင် ပင်ပန်းမှုများ ရှိစေကာမူ ပြည်သူတို့က အဆိုပါ မူဝါဒများ၊ ဆုံးဖြတ်ချက် များ အကောင်အထည်ဖော်မှုများကို ထောက်ခံအားပေးသွားမည်ဟု ယုံကြည်လျက် ရှိပါကြောင်း။ မြန်မာ့အလင်း