ပွင့်ဖြူ ၄ မေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များအား လျော့ချသွားနိုင်ရန် ရည်ရွယ်၍ ယခုလာမည့် မိုးရာသီကာလတွင် မြို့နယ်အတွင်း အရိပ်ရပျိုးပင်ပေါင်း ၄၀ဝ၀ဝ အား ဖြန့်ဝေစိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
ယခုနှစ် မိုးရာသီအတွက် စီစဉ်ထားရှိသည့် အရိပ်ရပျိုးပင်ပေါင်း ၄၀ဝ၀ဝ တွင် ဒေသရာသီဥတုနှင့် ကိုက်ညီသော အရိပ်ရသစ်ပင်များဖြစ်သည့် ယူကလစ်ပျိုးပင် ၂၈၀ဝ၀ ၊ ကျွန်းပင် ၈၀ဝ၀၊ ဝါး ၂၀ဝ၀၊ ခရေ ၁၀ဝ၀၊ ကံ့ကော် ၁၀ဝ၀၊ စုစုပေါင်း အရိပ်ရသစ်ပင် ၄၀ဝ၀ဝ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ အဆိုပါ အရိပ်ရသစ်ပင်များကို ရပ်ကွက်/ ကျေးရွာများ၊ ကျေးလက်လမ်းဘေး(ဝဲ၊ ယာ)များ၊ ကမ်းပြိုမှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာများနှင့် မုန်းချောင်းအနီး ကျေးရွာများတွင် အဓိကဖြန့်ဝေ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုနှစ် မိုးရာသီကာလတွင် ပွင့်ဖြူမြို့နယ် ဆင်လူကျေးရွာနှင့် လယ်မကျေးရွာတို့မှ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးလုပ်ကိုင်နေသည့် မြောင်းဦးကြိုးဝိုင်းအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ဧက ၆၆၃ ဒသမ ၃၄ ဧက တွင်လည်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ယူကလစ် ၆၄၇၈၆၊ ကျွန်း ၉၉၅၁၊ လျှော်ဖြူ ၂၃၂၁၆၊ ဝါး ၁၅၄၈၊ စုစုပေါင်း ပျိုးပင် ၉၉၅၀၁ အား မြောင်းဦးကြိုးဝိုင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအဖြစ် စိုက်ပျိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မိုးရာသီကာလ အရိပ်ရသစ်ပင်များ စိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်၍ ပျိုးပင်များကို စိုက်ပျိုးကာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများနှင့် ကမ်းပါးပြိုကာကွယ်ရေးအတွက် စိုက်ပျိုးရန်နေရာများကို ဖြန့်ဝေ စိုက်ပျိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


