အိမ်မဲ ၄ မေ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာနတွင် ဂုဏ်ပြုလွှာပေးအပ်ပွဲ သုတစာပေနှင့် အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၄ ရက် နံနက် ၈ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်အနားတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူတို့က သင်တန်းဖွင့်အမှာစကားများပြောကြားပေးခဲ့ကြသည်။ ထို့နောက် Book Club ဥက္ကဋ္ဌ ဦးငွေကြည်နှင့် Club အဖွဲ့ဝင် သတင်းထောက် ရွှေအိမ်စံမောင်မောင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၁၈ ခုနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၇ မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မြို့နယ်အဆင့် (ပထမဆု)နှင့် သတင်းများပေးပို့ပါရှိအောင် ဆောင်ရွက်နိုင်ခြင်း မြို့နယ်အဆင့်(ပထမဆု)များကို ရရှိခဲ့သည့် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ မြို့နယ်လုပ်ငန်းရှင်များကိုယ်စား ဦးခင်မောင်ဝင်းနှင့် ဦးကျော်မျိုးထိုက်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါသင်တန်း သည် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းနှင့် သင်တန်းသား သင်တန်းသူ ၄၈ ဦးရှိပြီး သင်တန်းကာလမှာ ယနေ့မှ မေလ ၁၈ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)


