တောင်ကြီး ၄ မေ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် (ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ခံ)သည် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ဆောက်လုပ်နေမှုအား ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒုတိယညွှန် ကြားရေးမှူး ဦးစိုးညွှန့်ရွှေက ယနေ့အထိ အဆောက်အဦဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆောက်အဦ တာဝန်ယူ တည်ဆောက်လျက်ရှိသော မြန်မာ့ကြယ်စင်လင်းကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဧရာလင်း က အဆောက်အဦတည်ဆောက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့သည်။
ဝန်ထမ်းအိမ်ရာ(၅)ထပ် အဆောက်အဦနှင့် လူနေဆိုင်ခန်းခြောက်ခန်းတွဲ ၃ ထပ်မှာ (၆၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး လူထုအခြေပြုဗဟိုဌာန အဆောက်အဦကို ၂၀၁၉ ခုနှစ် ယခုလအတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဧရာလင်း က ပြောကြားသည်။
လူထုအခြေပြုဗဟိုဌာနမှာ အလျား ၆၅ ပေ၊ အနံ ၄၁ ပေ၊ RC(၇)ထပ် အဆောက်အဦဖြစ်ပြီး ပြည်သူ့စာကြည့် တိုက်ခန်းမ၊ ကလေးစာဖတ်ခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြတိုက်ငယ်၊ သင်တန်းခန်းမ၊ အနုပညာခန်းမ၊ ဘက်စုံသုံးခန်းမ၊ အစည်းအဝေးခန်း၊ အားကစားခန်းမ၊ မသန်စွမ်းများအသုံးပြုရန်ခန်းမ၊ ဟင်းလင်းပြင်လေ့ကျင့်ရေးကွင်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်မည်ဖြစ်ကာ အဆောက်အဦပြီးစီးသွားပါက ပြည်သူများအခမဲ့လွတ်လပ်စွာ ဝင်ထွက်သွားလာ အသုံးပြုနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ)


