မလှိုင်  ၄  ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပန်းအိုင်အုပ်စု ထနောင်းကျင်းကျေးရွာမှာရှိခဲ့တဲ့ မြန်မာလက်မှုပညာ ဗိုင်းငင်သည့်လုပ်ငန်းများ ယက္ကန်းခတ်ခြင်းလုပ်ငန်းများ  လုပ်ကိုင်သူ မရှိတော့ဘဲ အပြီးတိုင်ပျောက်ကွယ်သွားပြီဖြစ်တယ်လို့ ဗိုင်းငင်ခဲ့သူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

 

လသာတုန်း ဗိုင်းငင် ဆိုသည့်စကားအတိုင်း မိဘများ၏ ညွှန်ကြားသင်ပြမှုကို နားထောင်ရင်း ငယ်စဉ်ဘဝက ကျေးရွာတွင်းရှိ အမျိုးသမီးများမှ ဗိုင်းငင်သည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပြီး မိမိတို့ အိမ်တွင်းသုံး အဝတ်အထည်အဖြစ် လက်သုတ်ပဝါ၊ လုံခြည်၊ ပုဆိုး စောင်ထည်တို့ဖြစ်သည်အထိ လုပ်ကိုင်ခဲ့ကြတယ်လို့ ထနောင်းကျင်းကျေးရွာမှ အလယ်တန်းပြ ဆရာမ လုပ်ကိုင်နေသည့် ဗိုင်းငင်ခြင်းအလုပ်ကို လုပ်ကိုင်ခဲ့သူ ဆရာမ ဒေါ်စန်းမြင့် ကိုဆိုသည်။

 

ဗိုင်းငင်သည့်လုပ်ငန်းကို ယခင်က ကျေးရွာတွင်း အများအပြားလုပ်ကိုင်ခဲ့သော်လည်း ယခုတွင် ဗိုင်းငင်သည့်လူမရှိတော့ဘဲ မိမိတို့မိသားစုအတွင်းမလုပ်ကိုင်တော့သည်မှာ ၁၀ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း ၎င်းကပြောပြသည်။

 

ယခင်က မလှိုင် ၅ ဝါ၊ ၆ ဝါ ၊ ၈ ဝါတို့မှာ အထွက်နှုန်းကောင်းသဖြင့် မိမိတို့ စိုက်ပျိုးရရှိသော ဝါများကို ဝါကြိတ်ခြင်း ဂွမ်းဖတ်ခြင်းများပြုလုပ်၍ နှစ်မိုင်ခန့်ဝေးသော ဆုံတွင်းကျေးရွာ မကျည်းကုန်းကျေးရွာများသို့ သွား၍ ဝါကိုချောအောင် ဂွမ်းဖက်ခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း ရရှိလာသော ဝါအချောမှ တစ်ဆင့် ချည်ခင်ဖြစ်အောင် ချည်ငင်ဖြစ်အောင် ရစ် လို့ခေါ်သော ကိရိယာလေးဖြင့် ဗိုင်းငင်ရပြီး ချည်ခင် ချည်မျှင်မှ ချည်လုံး အစရှိသည်အဆင့်ဆင့်ပြုလုပ်ပြီး အထည်ရက်လုပ်သော ချည်အဆင့်ထိ ဆောင်ရွက်ရကြောင်း သိရသည်။

 

မိမိတို့ရိုးရာယက်လုပ်ရာမှ ရရှိသောအသုံးအဆောင်ပစ္စည်းများကို ယနေ့တိုင်အသုံးပြုနေဆဲဖြစ်ပြီး ရိုးရာလုပ်ငန်းမှထွက်သော အသုံးအဆောင်များမှာ တန်ဖိုးမြင့်ခြင်း၊ လုပ်ကိုင်သူနည်းပါးလာခြင်းများရှိနေကြောင်း သိရပါသည်။

 

ထန်းပင်ကောက်ကျေးရွာတွင် ဗိုင်းငင်ရန်အတွက် ဝါပွင့်အား ချည်မျှင်ထုတ်ရန် ဝါဂွမ်းခြင်းဆောင်ရွက်သည့် နေရာမှ ဝါဂွမ်းဖတ်သည့် လုပ်ငန်းလုပ်ကိုင်သူများ မရှိတော့သည်မှစ၍ ရွာမှ ဗိုင်းငင်ခြင်းလုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)

 

IMG_2019