လိုင်လင်းပီ ၄ မေ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ လေယာဉ်ကွင်းပန္နက်တင်ခြင်းအခမ်းအနားနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားကို မေ ၄ ရက်နေ့နံနက်(၇)နာရီခွဲအချိန်က အဆိုပါလေယာဉ်ကွင်း စီမံကိန်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လိုင်လင်းပီမြို့ လေယာဉ်ကွင်းလုပ်ငန်းစတင်အကောင်အထည်ဖော်ခြင်း အထိမ်းအမှတ်အဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးဝိကော၊ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် ညွှန်ကြားရေးမှူး ဦးကျော်ဝင်း၊ MAF လေကြောင်းစင်ကာပူ ဥက္ကဋ္ဌ Mr. Alan Chan ၊ Health & Hope foundation Myanmar မှ ဒေါက်တာဆာဆာနှင့် လိုင်လင်းပီလေယာဉ်ကွင်းတည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ Mr.Terry တို့က ပန္နက်တင်ခဲ့ကြသည်။
ထို့နောက် လူထုတွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လိုင်လင်းပီမြို့လေယာဉ်ကွင်းတည်ဆောက်ရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် လိုင်လင်းပီမြို့လေယာဉ်ကွင်း တည်ဆောက်ရေးတွင် အဓိကပံ့ပိုးပေးသည့် MAF စင်ကာပူလေကြောင်းလိုင်းဥက္ကဋ္ဌ က MAF အဖွဲ့အစည်းမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် လိုင်လင်းပီမြို့ဒေသခံများကိုယ်စား ဒေါက်တာဆာဆာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးမြို့၏လိုအပ်ချက်များကိုတင်ပြရာ သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါလေယာဉ်ကွင်းစီမံကိန်းကို MAFကတာဝန်ယူပံ့ပိုးပေးမှာဖြစ်ပြီး၂၀၂၀ ခုနှစ်၊ မေလတွင် အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၂ သန်းကုန်ကျမှာဖြစ်ကာ Jet Plane လေယာဉ်အမျိုးအစားဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ MAF စင်ကာပူမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


