ဝေါ  ၄   မေ 

 

ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများအား သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေ ဖူလုံရေး စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နိုင်သော ကျေးရွာများကို ရေရရှိရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက်  ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင်  အိမ်ခြေ (၁၄၁)အိမ် ၊လူဦးရေ (၈၃၇)ဦးရှိသည့် အုတ်ဖို(၁)ကျေးရွာ၌ သောက်သုံးရေအတွက် မြေသားရေကန်(၂)ကန်ကို အသုံးပြုလျက်ရှိရာမှ အများ အသုံးပြုလျက်ရှိသည့် ရွာလယ်ရှိ သောက်သုံးရေကန်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြေသားကန် အနက်နှိုက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ကျေးလက်နေပြည်သူများ သောက်သုံးရေခက်ခဲမှု မရှိစေရန်အတွက် တိုင်းဒေသကြီးရွေ့လျားရေသန့်စင်ကားဖြင့်  ရေဂါလန် (၅၀ဝ၀)ကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောကြားခဲ့သည်။

 

MDN