မန္တလေး  ၄  မေ 

 

မန္တလေးမြို့ မဟာမုနိဘုရားတွင် လာရောက်ကြသည့် ပြည်ပခရီးသွားများအား ဝင်ကြေးကောက်ခံခွင့်ပြု ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ၂၀၁၈ နှစ်လည်ပိုင်းက တင်ပြခဲ့ရာ ယခုနှစ် ဧပြီလနောက်ဆုံးအပတ်က ခွင့်ပြုချက်ရရှိခဲ့သဖြင့် လာမည့် ဇူလိုင်တစ်ရက်နေ့မှ စတင်ကောက်ခံသွားမည်ဟု ဂေါပကအဖွဲ အတွင်းရေးမှူး ဦးကျော်ကျော်ဦးထံမှ သိရသည်။

 

“လာမည့်ဇူလိုင် ၁ ရက်ကစပြီး ကောက်ခံခွင့်ပြုလိုက်ပါပြီ။ နိုင်ငံခြားသားတွေအတွက် Information Counter မှာ ဝင်ကြေးလက်မှတ်ရောင်းမယ်။ ကားပေါ်ကဆင်းလာရင် ဘိနပ်ချွတ်မယ်၊ သန့်စင်ခန်းဝင်မယ်၊ လက်ဆေးမယ်၊ ဒါတွေ စီစဉ်ထားတယ်။ ပြီးတော့ ဘယ်နေရာတွေမှာ လေ့လာနိုင်တယ်ဆိုတဲ့ လက်ကမ်းစာစောင်ပေးမယ်။ ရေသန့်ဘူး တို့ Tower တို့ပေးမှာပါ”ဟု ၎င်းကပြောကြားသည်။

 

ဝင်ကြေးများကို ဂေါပကအဖွဲ့မှ တာဝန်ယူကောက်ခံသွားမည်ဖြစ်ပြီး မဟာမုနိဘုရားအနောက်ဘက် ၄၅ တာတွင် နိုင်ငံခြားခရီးသွားများအတွက် ယာဉ်များရပ်နားရန် နေရာနှင့် Information Counter ထားရှိပြီးဝင်ကြေး အဖြစ် မြန်မာငွေ ကျပ်ငါးထောင်သို့မဟုတ် ၎င်းနှင့်တန်ဖိုးညီမျှသည့် အမေရိကန်ဒေါ်လာငွေကို  ကောက်ခံမည်ဖြစ်ကာ ဝန်ဆောင်မှုများလည်း ပေးသွားမည်ဖြစ်သည်။

 

ဧည့်လမ်းညွန်တစ်ဦးက သုံးသပ်ရာတွင် “မကောက်နဲ့လို့မပြောပါဘူး။ နေရာတစ်ခုသွားရင် နောက်ထပ်ပေးရ တယ် မဖြစ်ရအောင် Zone Field ကောက်နေတယ်။ဘုရားရဲ့သီးသန့် ရန်ပုံငွေအတွက်ဆိုရင် မဖြစ်သင့်ဘူး။ ဘန်ကောက်က မြဘုရားမှာ ကောက်တာပဲ။သို့သော်ကိုယ့်နိုင်ငံအခြေအနေအရ ဧည့်သည် မလာဖြစ်နေချိန်မှာ ပေးရတဲ့ နေရာတွေများနေ လို့ ဖိတ်ခေါ်တဲ့သဘော မသက်ရောက်ဘူးလို့ထင်တယ်”ဟုဆိုသည်။

 

နိုင်ငံခြားခရီးသွားများအတွက် ဘုရားသမိုင်းဆိုင်ရာအချက်အလက်များ၊ လေ့လာသင့်သော နေရာများ စသည့် လမ်းညွန်လက်ကမ်းစာစောင်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖြန့်ဝေမည့်အပြင် ဝန်ဆောင်မှုများစီစဉ် ပေးမည်ဖြစ်ပြီး နားနေရန် အဲယားကွန်းတပ်ဆင်ထားသည့်အဆောက်အအုံ ဆောက်ထားရှိရေးကိုလည်း ညှိနှိုင်း စီစဉ်သွားမည်ဟု ဆိုသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

DSC00