ရန်ကုန် ၄ မေ 

 

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား(အလယ်ဘလောက်)တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အရေးပါမှုကိုပြသသည့် နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

 

ဇီဝမျိုးကွဲမျိုးစုံတို့၏ နံရံဆေးရေးပန်းချီများ၊ ကလေးကစားရာနေရာများဖြင့် ဖန်တီးပုံဖော်ထားသော ယင်း နေရာအား ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr. Tim Enderlin ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းတို့ က အမှာစကားများ ပြောကြားခဲ့သည်။

 

နောက်ဖေးလမ်းကြားများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်က “လမ်းတစ်လမ်းဆိုရင် အမှိုက်တွေပစ်တဲ့အတွက်ကြောင့် ကျုံးပစ်လိုက်တာ ၂၅ တန်ရတယ်။ နောက်ထပ် တစ်နှစ်တောင်မကြာဘူး၊ ထပ်ပြီးတော့ ပုံတယ်။ ထပ်ပုံတဲ့အတွက်ကြောင့်မို့လို့ ထပ်ရှင်းတော့ ၈ တန်ရတယ်။ နောက် တတိယအကြိမ် ထပ်ပုံတယ်။ ၁၈ တန်ထပ်ထွက်တယ်။ အခုတစ်ခါထပ်ပုံတော့ ကျွန်တော် မေးပြီ။ အပေါ်ကနေ ပစ်ချ ပုံလာပြီးတော့ တွေ့တယ်မလား စည်ပင်အမှိုက်မကျုံးသေးဘူးလားလို့ လက်ညှိုး ထိုးသွားတဲ့အခါကျတော့ အမှိုက်ကျုံးတဲ့လူရဲ့အပြစ်လား၊ အမှိုက်ပုံတဲ့လူရဲ့အပြစ်လား။ ဒါဟာ အမှိုက်ပုံရ မယ့်နေရာမဟုတ်ဘူး။ အမှိုက်ပုံရမယ့် နေရာမဟုတ်ဘဲနဲ့ လမ်းကြားကို လမ်းကြားအနေနဲ့ သုံးသွားနိုင်တဲ့ လမ်းသူလမ်းသား အားလုံးကိုတော့ ရင်ထဲကနေ တစ်ကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr. Tim Enderlin က နောက်ဖေးလမ်းကြား ဥယျာဉ်ဖြစ်မြောက်အောင် လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်း မှ Miss Kate Minns က ဥယျာဉ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

 

ယခုပြုလုပ်သည့် နောက်ဖေးလမ်းကြားဥယျာဉ်စီမံချက်ကို ဆွစ်ဇာလန်သံရုံး၏ ငွေကြေးထောက်ပံ့မှုဖြင့် ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဆွစ်ဇာလန်သံရုံး သည် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူအများပိုမို သတိပြုမိစေရန် ရည်ရွယ်၍ ယခုစီမံချက်ကို ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒို့အိမ်မှ အကောင်အထည်ဖော်သည့် နောက်ဖေးလမ်းကြားဥယျာဉ်စီမံချက်များအနက် ၇ ခုမြောက်ဖြစ်ပြီး အနီးပတ်ဝန်းကျင်နေ လူထုအတွက် အနားယူအပန်းဖြေနိုင်သော နေရာတစ်ခုဖြစ်သည်။ စီမံချက်စတင်ချိန် မှစ၍ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ လူထုအဖွဲ့အစည်းများ၊ ပန်ချီပညာရှင်၊ ဆောက်လုပ်ရေးလုပ်သားများ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း