ရန်ကုန် ၄ မေ
မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်တွဲများ ထုတ်ဝေနိုင်ရေး လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး၊ မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးနှင့် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုအဖွဲ့များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်တွဲများ ထုတ်ဝေဖြန့်ချီရေးကို ပြီးခဲ့သည့်နှစ်နှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ထွက်ရှိမည့် စာစဉ်တွဲများကိုလည်း အရည်အသွေးကောင်းကောင်းဖြင့် အချိန်မီထွက်ရှိနိုင်ရေး၊ စာမူများကို ဆက်လက်စုစည်းမှုအပိုင်းတွင် စာတည်းအဖွဲ့များနှင့် ပညာရှင်များပူးပေါင်းပြီး စုစည်းပြင်ဆင်မှုအပိုင်းများကို မြန်ဆန်မှုရှိစွာ ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ထုတ်ဝေပြီးခဲ့သည့် စာစဉ်တွဲ ၁၊ ၂၊ ၃ တို့ကို ရိုက်နှိပ်ခဲ့မှု အခြေအနေ၊ ရောင်းချခဲ့သည့်အခြေအနေ၊ ဆက်လက်ထွက်ရှိမည့် စာစဉ်တွဲ ၄၊ ၅၊ ၆ တို့ကို အရည်အသွေးကောင်းမွန်စွာဖြင့် ရိုက်နှိပ်ရန် ဆောင်ရွက်ထားရှိသည့် အနေအထားတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်တွဲများ ထုတ်ဝေရေးလုပ်ငန်း ကော်မတီဝင် ဦးသန်းအုန်း (မောင်ဇေယျာ)က ဆက်လက်ထုတ်ဝေမည့် အတွဲ ၄၊ ၅ ၊ ၆ တို့တွင်ပါဝင်မည့် စာပေများ၏ စာမူပြင်ဆင်မှုအပိုင်း၊ သတ်ပုံပြင်ဆင်မှုအပိုင်း၊ တည်းဖြတ်မှုအပိုင်း စသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက စာစဉ်တွဲများ ဆက်လက်ထုတ်ဝေမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက အကြံပြု ဖြည့်စွက်ဆွေးနွေးသည်။
မြန်မာ့ဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်များကို မြန်မာစာပေသမိုင်း တစ်လျှောက်တွင် ပေါ်ပေါက်ခဲ့သည့် စာအုပ်စာပေများအနက်မှ ထူးခြားသည့်အကောင်းဆုံး လက်ရာများကို ရွေးချယ်ထုတ်ဝေခြင်းဖြင့် မျိုးဆက်သစ်များ ထိတွေ့ခံစားနိုင်စေရန်နှင့် မြန်မာစာ၊ မြန်မာမှုတို့အပေါ် နှစ်သက်မြတ်နိုးစိတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ်၊ အက်ဆေးနှင့် စာညွှန့်များကို ရွေးချယ်စုစည်းပြီး ဝတ္ထုရှည် ၂၅ တွဲ၊ ဝတ္ထုတို ၄ တွဲ၊ ကဗျာ ၃ တွဲ၊ ပြဇာတ် ၂ တွဲ၊ အက်ဆေး ၁ တွဲနှင့် စာညွှန့် ၃ တွဲတို့ဖြင့် ဦးစွာ ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ဝတ္ထုရှည်အတွဲ ၁၊ ၂၊ ၃ တို့ကို ကြေညာ၍ ဖြန့်ချိခဲ့ရာ အဆက်မပြတ် ဝယ်ယူမှုရှိနေကြောင်း၊ ယခုအခါ ဝတ္ထုရှည် အတွဲ ၄ အဖြစ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ “တစ်ပင်ရွှေထီး” ကိုလည်းကောင်း၊ အတွဲ ၅ အဖြစ် ရွှေစင်္ကြာ ဦးစိုးမြင့်၏ “နားခံတော်” နှင့် ဇဝန၏ “ကောလိပ်ကျောင်းသား”ကို လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် ထုတ်ဝေဖြန့်ချိနိုင်ရန် အတွဲ ၆ အဖြစ် မဟာဆွေ၏ “ဒို့မေမေ” နှင့် သခင်ဘသောင်း၏ “ပန်းသည်မ စာဥ” တို့ကို လည်းကောင်း ကျန်အတွဲများကို ၂၀၂၀ ခုနှစ်အတွင်း၌ ဆက်လက်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့နောက် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က စွယ်စုံကျမ်းများ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် စာတည်းအဖွဲ့ အတွင်းရေးမှူး-၁ ဦးစိုးမြင့်သန်းက ပြင်ပပညာရှင်များ၏ ပြင်ဆင်ရန် အကြံပြုချက်များ၊ ပြင်ဆင်ဉပီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် အကြံပြုဖြည့်စွက်ဆွေးနွေးသည်။
မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ မှ (က-ကုတ်) မူကြမ်း ရရှိလာမှုအပေါ် ပညာရှင်များ ဖတ်ရှုပြီးစီးမှု၊ စစ်ဆေးတွေ့ရှိမှုနှင့် ပြင်ဆင်ပေးရန် အချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ငယ်ခေါင်းဆောင်တို့နှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က စာပေရွေးချယ်ရေးနှင့်ပတ်သက်၍ ညီညီညွတ်ညွတ်ဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က နိုင်ငံတော်မှချီးမြှင့်သည့် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စာပေစိစစ်ရေးနှင့်စပ်လျဉ်း၍ စာပေဗိမာန်၏ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း(မောင်ဇေယျာ)နှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ဘုဏ်းရည် (နတ်မောက်အနီချို) တို့က ဘာသာရပ်အလိုက် အဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် စာပေပညာရှင်များ၏ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးသည်။
အမျိုးသားစာပေဆုချီးမြှင့်ခြင်းကို အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေး ကော်မတီဖြင့်လည်းကောင်း၊ စာပေဗိမာန်စာမူဆု ချီးမြှင့်ခြင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဖြင့်လည်းကောင်း၊ ဖတ်ရှုစိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်မှ ၁၉၄၈ ခုနှစ်မှစတင်၍ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီကို ဥက္ကဋ္ဌ စည်သူ ဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်စိုး(မောင်ပေါ်ထွန်း) တို့ ဦးဆောင်ပါဝင်သော အဖွဲ့ဝင် ၅၄ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဝတ္ထုရှည်၊ ဝတ္ထုတို ပေါင်းချုပ်၊ ကဗျာ၊ စာပဒေသာ၊ ပြဇာတ်စာပေ၊ မြန်မာယဉ်ကျေးမှုနှင့် အနုပညာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ သုတပဒေသာ(ဝိဇ္ဇာ)၊ သုတပဒေသာ(ရိုးရိုးသိပ္ပံ၊ အသုံးချသိပ္ပံ)၊ နိုင်ငံရေးစာပေ၊ အင်္ဂလိပ်ဘာသာ (သုတ/ရသ)၊ အက်ဆေးစာပေနှင့် ရည်ညွှန်းစာပေ စုစုပေါင်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းကာ ၂၀၁၈ ခုနှစ်အတွက် လက်ခံရရှိသောစာအုပ်များကို ဖတ်ရှုစိစစ်ကြမည်ဖြစ်သည်။
ထို့အတူ ၂၀၁၈-၂၀၁၉ ခုနှစ်များအတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ကို ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ဘုဏ်းရည် (နတ်မောက်အနီချို)တို့ ဦးဆောင်ပါဝင်သော ၂၇ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဝတ္ထုရှည်၊ ဝတ္ထုတို ပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတပဒေသာ ဝိဇ္ဇာ၊ သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ)၊ စာပဒေသာ၊ မြန်မာယဉ်ကျေးမှုနှင့် အနုပညာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေး၊ ပြဇာတ်စာပေ၊ အင်္ဂလိပ်စာမူ၊ ဘာသာပြန် စုစုပေါင်း ၁၃ ဖွဲ့ ခွဲခြားဖွဲ့စည်းကာ လက်ခံရရှိသော စာမူများကို ဖတ်ရှုစိစစ်ကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


