နေပြည်တော် ၄ မေ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(နေပြည်တော်)၌ ပြသလျက်ရှိသည့် ရှေးဟောင်း မြန်မာ့လက်ဝတ်ရတနာအထူးပြပွဲ တတိယနေ့တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော အဖိုးတန်ရှေးဟောင်း ရွှေထည်လက်ဝတ်ရတနာများဖြစ်သည့် ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ်နှင့် မျက်မှောက်ခေတ် စသည်ဖြင့် ဘီစီ(၂)ရာစု မှ အေဒီ (၂၀)ရာစု အထိ သက်တမ်းကြာရှားပါး၍ လက်ရာမြောက်သည့် ရွှေထည်လက်ဝတ် ရတနာ အမျိုးအစားတစ်ရာကို ခင်းကျင်းပြသထားသည်။

 

ထို့ပြင် ယင်းပြပွဲ၌ ထူးခြားဆန်းကြယ်လက်ရာမြောက်သည့် တာရာဒေဝီ နတ်သမီးရုပ်(ပုဂံခေတ်)နှင့် အလေးချိန်ဂရမ်များ၍လက်ရာမြောက်သော နရားခေါင်းပုံ ရွှေလက်ကြပ်(ပျူခေတ်)၊ အလေးချိန်ဂရမ် အများဆုံးဖြစ်ကြသည့် ရွှေကွင်းဆက်ကြိုး (ပုဂံခေတ်)၊ နွားလားဥဿဖပုံပါရွှေလက်စွပ် (ပျူခေတ်)နှင့် ရွှေအုန်းဖူးဆွဲကြိုး (ပုဂံခေတ်) တို့ကို ပါဝင်ပြသထားသည့်အတွက် ထင်ရှားစွာ တွေ့မြင်နိုင်သည်။

 

ဒေါ်အေးအေးသင်း ညွှန်ကြားရေးမှူး (အမျိုးသားပြတိုက်၊ နေပြည်တော်)က “ပထမဆုံးဖွင့်ပွဲနေ့ကဆိုရင် လာရောက်ကြည့်ရှုသူ တစ်ရာကျော်ရှိပါတယ်။ မနေ့က လာရောက်ကြည့်ရှုလေ့လာသူ ၁၁၉ ယောက်ရှိပါတယ်။ မနက်ကလည်း ပြတိုက်မဖွင့်မီ အချိန်မှာ လာရောက်စောင့်ဆိုင်းနေကြသူတွေ များစွာရှိပါတယ်။ ရှေးဟောင်းမြန်မာ့ လက်ဝတ်ရတနာအထူးပြပွဲကို ပြသရခြင်းရဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့ ဘိုး၊ ဘွား၊ ဘီ၊ ဘင် လက်ထက်ကတည်းက အသုံးပြုခဲ့တဲ့ ရှားပါးတဲ့မြန်မာ့လက်ဝတ်ရတနာတွေကို ပြည်သူတွေ ကြုံတောင့်ကြုံခဲ ကြည့်ရှုစေချင်တာ ဖြစ်ပါတယ်။

 

1

 

ဒါ့အပြင် မြန်မာလူမျိုးတို့ရဲ့ လက်မှုအနုပညာတစ်ခုဖြစ်ပြီး ပန်းဆယ်မျိုးထဲမှာ ပါဝင်တဲ့ပန်းထိမ်ပညာရပ်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ကျော်ကတည်းက အဆင့်အတန်းမြင့်မြင့်နဲ့ ထွန်းကားခဲ့တယ်၊ ပြုလုပ်သုံးစွဲခဲ့တယ်ဆိုတာ ပြည်သူတွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။ အခုလိုအထူးပြသပေးတဲ့အတွက် လူငယ်တွေအနေနဲ့ အလွန်ရှားရှားပါးပါး မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုပစ္စည်းတွေက လူကြီးအနေနဲ့ဆိုရင်တောင် သိပ်ပြီးတွေ့ရခဲပါတယ်။ အခုပစ္စည်းတွေက အရင်က အမြဲတမ်းပြသနေတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ အခုလိုအထူးပြပွဲရှိမှသာ ထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ ရှေးအရင်နှစ်ပေါင်း ၂၀ဝ၀ ကျော်က သူတို့ရဲ့ဘိုး၊ ဘွား၊ ဘီ၊ ဘင်တွေ ရွှေ ပန်းထိမ်ပညာရပ်ကို အခုလိုအံ့မခန်း လက်ရာမြောက်အောင် ဘယ်လိုလုပ်ခဲ့ကြတယ် ဆိုတာသေချာလေ့လာပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးစိတ်တွေ ပိုမိုပေါ်ပေါက်လာစေဖို့ ဖြစ်ပါတယ်။

 

ဒါကြောင့် အခုလိုရှားရှားပါးပါးတွေ့မြင်ရခဲတဲ့ မြန်မာ့ရှေးဟောင်း လက်ဝတ်ရတနာတွေကို လာရောက်ကြည့်ရှုပြီး ကိုယ့်ရဲ့မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက ထွန်းကားခဲ့တဲ့ ရွှေပန်းထိမ်ပညာရပ်တွေ ဘယ်လောက်ထွန်းကားခဲ့တယ်ဆိုတာ ဂုဏ်ယူဝမ်းမြောက်စေဖို့ လာရောက်လေ့လာကြည့်ရှုကြပါ” ဟု ပြောသည်။

 

ဒေါ်ခင်မြင့်ရွှေက “အခုမြင်တွေ့ရတဲ့ ပစ္စည်းတွေထဲမှာ မှတ်မှတ်ရရ ပျူခေတ်ကို သဘောကျပါတယ်။ အဲဒီခေတ်နဲ့ယဉ်ကျေးမှုကို ကြည့်မယ်ဆိုရင် တော်တော်လေး တိုးတက်တယ်။ အခုလိုပွဲတွေ မကြာမကြာလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ကလေးတွေ၊ လူငယ်တွေ ပိုပြီးကြည့်ရှုသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်မြန်မာတွေ နှစ်ပေါင်းများစွာကတည်းက ယဉ်ကျေးမှုတွေ၊ အနုပညာလက်ရာတွေ များစွာတန်ဖိုးရှိပါ့လားဆိုတာ ကလေးတွေသိစေချင်တယ်။ ဂုဏ်ယူစေချင်တယ်။ အခုပြပွဲက ဘီစီ ၂ ရာစုမှ အေဒီ ၂၀ ရာစုအထိ ပြသထားတယ်။ အဲဒီအထဲမှာ ဘီစီ ၂ ရာစုဆိုရင် နှစ် ၂၀ဝ၀ ကျော်က ယဉ်ကျေးမှုတွေ၊ အခုလိုအဆင့်အတန်းမြင့်တာတွေကို သိခွင့်ရတဲ့အတွက် ကြည့်ရတာ အလွန်ဂုဏ်ယူပါတယ်။ ပြည်သူတွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမယ်။ ကျွန်မတို့စလင်းနယ်မှာဆိုရင် ဘုရားတွေက ပုဂံခေတ်နဲ့အပြိုင်ဖြစ်ပြီး နံရံဆေးရေးပန်းချီတွေ အခုထိရှိသေးတယ်။ အဲဒီအမွေအနှစ်တွေကို ထိန်းသိမ်းစေချင်ပါတယ်။ အခုလိုအထူးပြပွဲတွေကို မကြာမကြာ ပြုလုပ်ပေးသင့်တယ်။ ကျင်းပပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုလိုကြည့်ရတဲ့အတွက် ကိုယ်မသိသေးတဲ့ သမိုင်းကြောင်းကိုသိခွင့်ရတယ်။ အဲဒီအတွက် ဂုဏ်ယူပါတယ်”ဟု ပြောသည်။

 

ရှေးဟောင်း မြန်မာ့လက်ဝတ်ရတနာ အထူးပြပွဲသို့ ပြည်တွင်းနှင့် ပြည်ပဧည့်သည်များ၊ ကလေးသူငယ်များ၊ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၃၂ ဦးလာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

 

မောင်လူမော်၊ ဓာတ်ပုံ-ထန်းဖုန်

 

1