နေပြည်တော် ၄ မေ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၏ တောင်ဘက်မိုင်(၂၀)ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းပုံစံငယ်အား ကြည့်ရှုပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနှင့် တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးနေလင်းမှ စီမံကိန်းဆိုင်ရာများကို လည်းကောင်း IPGRB Co.,Ltd တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပြီး ရှင်းလင်းဆောင်ရှုရပ်မှ ပင်မတမံ၊ မြေကြီး/ ကျောက်သား တူးဖော်ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်အမှတ်(၁) ရေသွယ်ဥမင်လိုဏ်အဝင်ပိုင်းနှင့် အမှတ်(၂)ရေသွယ် ဥမင်လိုဏ်ဖောက်လုပ်မှု၊ ဥမင်လိုဏ်ခိုင်ခံ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား ဥမင်လိုဏ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ရှုရပ်မှနေ၍ ရေသွယ်ဥမင်လိုဏ်အထွက်ပိုင်း ဖောက်လုပ်မှု၊ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး (၂၈၀)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်ကာ နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်ပြီး တည်ဆောက်မည့် ပင်မတမံအမျိုးအစားမှာ RCC ကွန်ကရစ်တမံဖြစ်၍ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၂ ဒသမ ၇၇ သိန်းဧကပေ သိုလှောင်နိုင်မည်ဖြစ်သည်။
ယခုအခါစီမံကိန်း၏ (၃၈ ဒသမ ၇၃)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး (၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ)တွင် (၄၃ ရာခိုင်နှုန်း)သို့ ပြီးစီးအောင် စီမံဆောင်ရွက်လျက်ရှိကာ (၂၀၂၁-၂၀၂၂) ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်သည်။ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိရာ ဆက်လက်၍ အနာဂါတ်စီမံချက်များအနေဖြင့် နမ္မတူ (သီပေါ) စီမံကိန်း (၂၁၀) မဂ္ဂါဝပ်အားလည်းကောင်း၊ အလယ်ရဲရွာစီမံကိန်း (၇၃၅)မဂ္ဂါဝပ်အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်အားလည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


