မကွေး ၄  မေ

 

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ လျှပ်စစ်ဝန်အား လျှော့မှုများ လုပ်ဆောင်နေပြီး အလှည့်ကျစနစ်ဖြင့် အုပ်စုများခွဲကာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု အခြေအနေများနှင့်စပ်လျဉ်း၍ မကွေးဒေသခံမီဒီယာများနှင့် မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာတို့ ယနေ့ နံနက်ပိုင်းက တွေ့ဆုံကာ မေးမြန်း၊ ဖြေကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

                       

“မေလ ၃ ရက်နေ့ သုညနာရီကစပြီး မီးပြတ်ချိန်တွေ တိုးသွားပါတယ်။ ဒါကိုလည်း လူမှုကွန်ယက် စာမျက်နှာတွေကနေပြီး ပြည်သူတွေကို အသိပေးတင်ပြထားပါတယ်။ ရုံးချုပ်ကနေ ၁ နာရီကနေ ၂၄ နာရီထိ အချိန်အပိုင်းအခြားနဲ့ လျှော့ရမယ့် မဂ္ဂါဝပ်တွေ ပေးထားပါတယ်။ ပေးထားတာနဲ့ လိုက်လျောညီထွေဖြစ်အောင် မကွေးတိုင်းအတွင်းမှာ အုပ်စု (၃) စုခွဲပြီး ပိတ်ရမယ့် ဇယားတွေကိုပြုစုပြီး မြို့နယ်တွေကို ဖြန့်ဝေပါတယ်။ မြို့နယ်ရုံးတွေကတစ်ဆင့် ဘယ်ဧရိယာ၊ ဘယ်အပိုင်းတွေ မီးပြတ်မယ်။ ဘယ်အချိန်တွေ လာပါမယ်ဆိုပြီးတော့ အသိပေးကြေညာပေးနေပါတယ်” ဟု မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က လတ်တလော အခြေအနေအား ရှင်းပြသည်။                    

 

နွေရာသီကာလတွင် ဆည်ရေဝင်ရောက်မှု မရှိခြင်းကြောင့် လက်ကျန်ရေဖြင့် ဓါတ်အားထုတ်လုပ်မှုကို လုပ်ရသည့်အခါ ဆည်ရေပြည့်စဉ်က ထုတ်လုပ်နိုင်သည့် အင်အားနှင့် နှိုင်းယှဉ်လျှင် ရေအားအမြင့်ပေ လျော့နေသည့် အခြေအနေ၌ စက်ရုံများမှာ စွမ်းအားပြည့် လည်ပတ်နိုင်မှု လျော့ကျသွားကြောင်း၊  ဆည်ဝင်ရေ မရှိသည့်အတွက် ထုတ်လုပ်မှုကို ထိန်းညှိပြီး လုံးဝပြတ်လပ်ကာ စက်ထိုးရပ်သွားမည့် အဖြစ်အပျက်မျိုး မဖြစ်အောင် လုပ်ဆောင်ရကြောင်း၊ စိုက်ပျိုးရေ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်မှုများလည်း လုပ်ဆောင်နေရကြောင်း သိရသည်။

         

“နွေရာသီမှာ ထုတ်လုပ်မှုကကျတယ်။ တစ်ဘက်က ရာသီဥတု ပူတဲ့အတွက်ကြောင့် အဲယားကွန်းသုံးစွဲမှုက တက်တယ်။ ထုတ်လုပ်မှုနဲ့သုံးစွဲမှုက မမျှတတဲ့အတွက်ကြောင့် ဝန်အားလျော့ရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ ဆည်ရေတွေ ပြည့်ပြည့်ဝ၀ ဝင်ရောက်လာတယ်၊ ရာသီဥတုကလည်း အေးလာတဲ့အချိန်ကျရင် ထုတ်လုပ်မှုကလည်း တိုးလာမယ်၊ အသုံးကလည်း လျော့လာတဲ့အချိန် ကာလမှာ ပုံမှန်လည်ပတ်မယ်လို့ သုံးသပ်ပါတယ်”ဟု  ဦးထောင်းဇိုခိုင်က ဆိုသည်။

 

မကွေးတိုင်းရှိ ပြည်သူများသုံးစွဲနေသည့် လျှပ်စစ်ဓါတ်အားမှာ နာရီစဉ် အပြောင်းအလဲအလိုက် အမြင့်ဆုံးပျမ်းမျှ ၈၅ မဂ္ဂါဝပ်ရှိပြီး အနိမ့်ဆုံး ၃၅ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ ကပစစက်ရုံများ၊ ရေနံမြေများ၊ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ၏ သုံးစွဲမှုကိုပါ ထည့်ပေါင်းပါက ၁၀၇ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ လက်ရှိ လျှပ်စစ်ဓါတ် ဝန်အားလျော့ချမှုမှာ ၈၅ မဂ္ဂါဝပ်ထဲမှ တစ်ဝက်လျော့ချခြင်းဖြစ်ကြောင်း သိရှိရသည်။

 

“ရေနံမြေ၊ ကပစနဲ့ နိုင်ငံပိုင်စက်ရုံတွေမှာရှိတဲ့ ဝန်ထမ်းအိမ်သုံး လျှပ်စစ်တွေကို တတ်နိုင်သလောက် လျှော့ပေးပါ။ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်အောင်ပဲ လုပ်ပါဆိုပြီး မေတ္တာရပ်ခံထားပါတယ်။  ကျွန်တော်တို့က ရေနံမြေလိုင်းသီးသန့်ကို ပိတ်ချလိုက်လို့ မရဘူး။ ရေနံထုတ်လုပ်မှု လျော့ကျသွားရင် လောင်စာဆီဈေးနှုန်းမှာ အပြောင်းအလဲဖြစ်သွားရင် အခြားဆက်စပ်မှုတွေက ရှိနေပါတယ် ” ဟု မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာက ပြောပြသည်။

 

မကွေးမြို့အပါအဝင် မြို့နယ်အသီးသီး၌ လျှပ်စစ်ဝန်အားလျှော့ချခြင်းနှင့် ဓါတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းအား အမျှတဆုံးဖြစ်အောင် အချိန်ဇယားများဆွဲ၍ လုပ်ဆောင်နေကြောင်း၊ လျှပ်စစ်ရုံးဌာနများကိုပါ ဓါတ်အားဖြတ်တောက်သည့် Group ဇယားများတွင် ထည့်သွင်းဖြတ်တောက်ပါကြောင်း မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောသည်။

                       

“ညွှန်ကြားချက်အရတော့ ဆေးရုံ၊ အကျဉ်းထောင်၊ ရဲစခန်း၊ ရဲတပ်ရင်းနဲ့ အစိုးရအဖွဲ့ရုံးတွေ စသဖြင့်ကိုတော့ ဦးစားပေးပြီး ပေးရမယ်လို့ ရှိပါတယ်။ ဒါပေမယ့် မကွေးမှာဆိုရင် 11KV လိုင်းအောက်မှာ ထရန်စဖော်မာပေါင်း အလုံး ၆၀ လောက်ရှိတယ်။ ဦးစားပေးရမှာက (၇) လုံးလောက်ရှိတယ်။ သူတို့ကိုဦးစားပေးဖို့အတွက် အလုံး (၃၀) လောက်ပိတ်ရမယ်။ ဝန်ထမ်းအင်အားကလည်း လိုအပ်နေတဲ့အတွက် အားလုံးနဲ့တစ်ပြေးညီပဲ ဓါတ်အားဖြန့်ဖြူးမှုကို လုပ်ဆောင်နေပါတယ်” ဟု ဦးထောင်းဇိုခိုင်က သူ၏လုပ်ဆောင်မှုကို ရှင်းပြသည်။

 

 

1

                      

၁၉၅၀ နောက်ပိုင်းမှစ၍ လျှပ်စစ်ဓါတ်အားစရသည့် မကွေးမြို့သည် တစ်စထက်တစ်စ ကြီးမားကျယ်ပြန့်လာပြီး လျှပ်စစ်သုံးစွဲမှု များပြားလာလျက် ရှိသော်လည်း ဝန်ထမ်းအင်အားမှာ များစွာပြည့်စုံပြောင်းလဲလာခြင်း မရှိသေးကြောင်း၊ နေ့စားဝန်ထမ်းများနှင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်နေပြီး လိုအပ်ချက်များလည်း ရှိနေဦးမည်ဖြစ်၍ အားနာပါကြောင်း၊ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားနေကြောင်း မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောပြသည်။

                       

“ညသန်းခေါင်နောက်ပိုင်းမှာ ၂ နာရီ မီးပြတ်ပါတယ်။ အများဆုံး မေးလေ့ရှိတာက ညနေ ၅ နာရီကနေပြီး ၉ နာရီထိ ဘာလို့ (၄) နာရီ ပြတ်သွားတာလဲဆိုတာပါ။ အသုံးများတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် လျှော့ပေးရတဲ့ မဂ္ဂါဝပ်ကလည်း များပါတယ်။ ဖြတ်တာကို ၂ နာရီ၊ ၃ နာရီ လုပ်လိုက်ရင် ဓါတ်အားစနစ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်မှာစိုးရပါတယ်။ လက်ရှိလျှော့ရတဲ့ အနေအထားကလည်း လက်ရှိသုံးနေတဲ့ဓါတ်အားရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို လျှော့နေရတာပါ” ဟု ဦးထောင်းဇိုခိုင်က ဆိုသည်။

                       

ယမန်နှစ်က မိုးဦးစောသည့်အတွက် ခဏတစ်ဖြုတ် ဝန်အားလျှော့ချမှုသာ ရှိခဲ့ပြီး ယခုနှစ်တွင် မိုးဦးနောက်ကျကာ မုန်တိုင်းကြောင့်ဖြစ်ခဲ့သည့် မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်း၊ ဆည်ရေမှ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏ လျော့ကျခဲ့ခြင်းတို့ကြောင့် ဝန်အားလျှော့ချမှုများ ဆက်တိုက်လုပ်ဆောင်နေရခြင်း ဖြစ်သည်။

 

“ပြည်သူများကိုတင်ပြချင်တာက ခုဖြစ်နေတာတွေက ဓါတ်အားထုတ်လုပ်တဲ့ အခက်အခဲကြောင့် ဖြစ်နေတဲ့ကိစ္စတွေပါ။ သူများတွေနိုင်ငံမှာက Base load ခုလို ပုံသေသုံးနေတဲ့ ဝန်အားအတွက်ကို သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးတို့နဲ့ လုပ်ကြတယ်။ နိုင်ငံကြီးတွေဆိုရင် နယူးကလီးယားကိုပါ သုံးကြပါတယ်။ ဓါတ်အားအနိမ့်အမြင့်တွေအတွက်ကို ရေအားလျှပ်စစ် စက်ရုံတို့၊ ဆိုလာတို့၊ ဝင်းတို့ လုပ်ကြတာပေါ့။ ဆိုလာနဲ့ ဝင်းက Base load ကို မကူညီနိုင်ပါဘူး။ ဆိုလာကလည်း ဘက်ထရီနဲ့ ကုန်ကျစရိတ် အရမ်းများပါတယ်။ ဆိုလာနဲ့ဝင်းကို ထောက်ခံပါတယ်။ သို့သော် ဒါလုပ်ရုံနဲ့ ပြေလည်သွားမယ်လို့ မထင်စေချင်ပါဘူး။ ကျောက်မီးသွေးကိုလည်း တိုးတက်တဲ့နိုင်ငံတိုင်းမှာ သုံးကြပါတယ်။ ကျွန်တော်တို့ တစ်ဘက်ပိတ်နေလို့တော့ မရပါဘူး” ဟု ဦးထောင်းဇိုခိုင်က အကြံပြုပြောကြားသည်။

                       

မြစ်ဆုံကိုမထောက်ခံတိုင်း အခြားရေလှောင်တမံအားလုံး မထောက်ခံဘူး၊ မလုပ်သင့်ဘူးဟု မယူဆသင့်ကြောင်း၊ နိုင်ငံ၏ သမိုင်းတွင်ပထမဆုံး တည်ခဲ့သည့် လောပိတရေအားလျှပ်စစ်သည် မိုးဗြဲရေလှောင်တမံမှ တစ်ဆင့်ဆက်ပြီး သုံးစွဲနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်ကို ၆၀ ရာခိုင်နှုန်း မှီခိုနေရပြီး ကျန် ၄၀ ရာခိုင်နှုန်းခန့်က သဘာဓါတ်ငွေ့၊ ကျောက်မီးသွေးစက်ရုံတို့မှ ထုတ်လုပ်ရခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

 

“ခုလျှပ်စစ်ဓါတ်အား ပေးတယ်ဆိုတာက ထုတ်လုပ်မှုရှိသလောက်ကိုပဲ ဝန်အားအလှည့်ကျလုပ်ပြီး ပေးနေတာပါ။ ဒီကြားထဲမှာမှ မဟာဓါတ်အားလိုင်း တစ်ခုခုချို့ယွင်းသွားရင်၊ ဥပမာအားဖြင့် ဟိုတစ်လောက မြင်းခြံနဲ့သပြေဝ မဟာဓါတ်အားလိုင်း ချို့ယွင်းသွားတယ်။ အဲတော့မြင်းခြံမှာထိုင်ထားတဲ့ ဂက်စ်အင်ဂျင်စက်ရုံတွေက ထုတ်လုပ်တဲ့အားက မဝင်နိုင်တဲ့အခါကျတော့ အရေးပေါ် ဝန်အားလျှော့လိုက်ရတယ်။ သပြေဝ - တောင်တွင်းကြီး မဟာဓါတ်အားလိုင်း တစ်ခုခုချို့ယွင်းသွားတာတို့၊ ဂက်စ်ပိုက်လိုင်းတွေ ချို့ယွင်းလို့ ဂက်စ်တာဘိုင်တွေရဲ့ ထုတ်လုပ်မှု လျော့ကျသွားတာမျိုးတွေ ရှိရင်တော့ ခုလိုအလှည့်ကျဝန်အား လျှော့မှုအပြင်ကို အရေးပေါ်ဝန်အားလျှော့မှုတွေ ဝင်လာနိုင်ပါသေးတယ်” ဟု တိုင်းလျှပ်စစ် အင်ဂျင်နီယာက ကြိုတင်မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

           

နိုင်ငံတော်အစိုးရမှ Energy To Power အစီအစဉ်ဖြင့် ဒေသအလိုက် စက်ရုံများတည်ဆောက်ရန် စဉ်းစားထားကြောင်း၊ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မည်ဆိုလျင် အချိန်ယူရခြင်း၊ ကျောက်မီးသွေးစက်ရုံဆိုလျင် ကန့်ကွက်မှုများ ရှိနေခြင်းတို့ကြောင့် ၃၀ဝ၀ မဂ္ဂါဝပ်နှင့်အထက် လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် အစိုးရသက်တမ်းအတွင်း စတင်တည်ဆောက်ရန်ရှိနေကြောင်း မကွေးတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က ၎င်းသိရှိထားသည့် အခြေအနေကို ပြောပြခဲ့သည်။

 

ဇေယျတု(မကွေး)      

 

1