စစ်တွေ  ၄ မေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အရှည်ပေ ၁၃၀ဝ ရှည်လျားသည့် ရာမောင်ချောင်းကို ဖြတ်သန်းသွားရန် တည်ဆောက်ထားသည့် ရာမောင်တံတားဟောင်းမှာ ခံနိုင်ဝန် တန်ကျဆင်းလာပြီး ကားကြီးများ ဖြတ်သန်းသွားလာရန် မသင့်လျော်သောကြောင့် ဘေးချင်းကပ်လျက် တံတားသစ်တစ်စင်းအား နှစ်နှစ်အတွင်း အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေး (၂)၊ တံတားအထူးအဖွဲ့ (၇) က ရာမောင်တံတားအရှည် (၁၂၈၄ ဒသမ ၃) ပေ အကျယ် ၂၈ ပေ သံကူကွန်ကရစ်တံတား အမျိုးအစားကို ဆောက်လုပ်လျက်ရှိကြောင်း တံတားဆောက်လုပ်ရေးအဖွဲ့မှ သိရသည်။

တံတားဟောင်းမှာ ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ ၁၃ တန်အောက်ယာဉ်များကို ဖြတ်သန်းခွင့်ပြုခဲ့ပြီး၊ စက်တင်ဘာလတွင် ၅ တန်အောက် ယာဉ်ငယ်များကိုသာ ဖြတ်သန်းခွင့်ပြုခဲ့သဖြင့် ကုန်တင်ယာဉ်၊ ခရီးသည်တင် ဘတ်စ်ကားကဲ့သို့ မော်တော်ယာဉ်ကြီးများမှာ ဇက်ရေယာဉ် နှစ်စင်းဖြင့်ကူးပေးနေရသည်။

မော်တော်ယာဉ် ၆ ဘီးယာဉ်အတွက် ကျပ် ၁၇၀ဝ၀၊ ၈ ဘီး၊ ၁၀ ဘီး ယာဉ်အတွက် ကျပ် ၂၀ဝ၀ဝ၊ ၁၂ ဘီးယာဉ်အတွက် ကျပ် ၂၅၀ဝ၀ ဖြင့် သယ်ဆောင် ဖြတ်ကူးပေးနေပြီး တစ်နေ့လျှင်ဇက်ဖြင့် ကူးသည့်ယာဉ် အစီးအရေမှာ ၁၀ဝ ဝန်းကျင်ရှိပြီး ဇက်ရေယာဉ် တစ်စင်းလျှင် ကား ၆ စီးမှ ၉ စီးအထိ သယ်ဆောင်နိုင်သည်။

“ဒီတံတားစီမံကိန်းက နှစ်နှစ်လျာထားတယ်။ ၁၀ လပိုင်းက စဆောက်တာ၊ နှစ်လမ်းသွား ယာဉ်သွားလမ်း ၂၈ ပေအကျယ်၊ သံကူကွန်ကရစ် တံတားမျိုးပါ၊ ဘတ်ဂျက်ကတော့ ဖြည့်စွက်တာတွေနဲ့ လွှတ်တော်တင်ထားပါတယ်၊ ရခိုင်ပြည်နယ်မှာ ဦးစီးပေးအနေနဲ့တော့ လုပ်နေပါတယ်။ တံတားတည်ဆောက် နေတဲ့အချိန်တွင်းမှာ တတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် ဆောက်ရွက်ပေးနေပါတယ်။ အစိုးရအဖွဲ့က ဇက်ရေယာဉ် ၂ စီးနဲ့ပြေးနေပါတယ်။ တစ်စီးတော့ အရံထားထားပါတယ်။ အရင်ကဒီတံတားကိုဖျက်ပြီး အဲဒီနေရာမှာ အသစ်ပြန်ဆောက်ဖို့ပဲ။ ဒေသခံတွေက လက်မခံမဖျက်ဖို့ ကန့်ကွက်လို့ အခုလိုဘေးကကပ်ပြီး အသစ်တစ်စင်း ဆောက်ပေးရတာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့(၇)မှ ရာမောင်တံတား တည်ဆောက်ရေးတာဝန်ခံ ဒုညွှန်မှူး ဦးမြင့်နိုင်ဦးက ပြောသည်။

အဆိုပါတံတားမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကျောက်တော်- မြောက်ဦး- မင်းပြား-  မြေပုံ- အမ်း- မအီ- တောင်ကုတ်- သံတွဲမြို့များသို့ ဆက်သွယ်ပေးသည့် တံတားဖြစ်သည်။

“တံတားမပြီးသေးတော့ ကားလေးတွေတော့ ဖြတ်လို့ရပေမယ့် ခရီးသည် တင်ကားတွေ၊ ကုန်တင်ကားတွေတော့ ကူးရတာ တစ်ခါတရံ ညနေ ၃ နာရီခွဲကနေ ဇက်နဲ့ဖြတ်ကူးဖို့ စီနီယာစောင့်ရတာ ည ၈ နာရီထိုးမှ ဟိုဘက်ကမ်းရောက်တယ်” ဟု စစ်တွေ-သံတွဲ ခရီးသည်တင်ယာဉ်လိုင်းမှ ကားမောင်းဆရာတစ်ဦးက ပြောသည်။

ရာမောင်တံတားကို ၁၉၉၇ ခုနှစ်၊ သြဂုတ် (၂၂)ရက်က ဆောက်လုပ်ခဲ့ပြီး၊ ၁၉၉၉ ဒီဇင်ဘာ (၁၅)ရက်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ၅ တန်အောက်ယာဉ်များသာ ဖြတ်သန်းသွားလာနိုင်သည်။ ရာမောင်ချောင်းသည် တစ်နှစ်လျှင် ဧပြီလတစ်လတွင် ရေငန်ပြီး ကျန်လများတွင် ရေချိုဖြစ်ကြောင်း အနီးဝန်းကျင်ရှိဒေသခံများထံမှ သိရသည်။

သန့်ဇင်ဝင်း ၊ ဓာတ်ပုံ-ဖိုးသန့်

 

mdn

 

mdn