ငွေဆောင် ၄ မေ

၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကို ယနေ့ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ် သဲသောင်ပြင်၌ ကျင်းပသည်။

အခမ်းအနားတွင် လူရည်ချွန်စခန်း(ငွေဆောင်)  စခန်းမှူး၊ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး စခန်းပိတ်သိမ်းပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

mdn

 

ထို့နောက် လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်သူဆရာ၊ ဆရာမများက ပါဆယ်ဂိမ်းကစားခြင်း၊ သီချင်းများသီဆိုခြင်း၊ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်းတို့ ဆောင်ရွက်ကြပြီး တေးသီချင်းများ စုပေါင်းသီဆိုခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

mdn

 

ယနေ့နံနက်ပိုင်းတွင် ပုလဲငွေဆောင်ဟိုတယ်၌ လူရည်ချွန်မောင်မယ်များအား ပညာဗဟုသုတ တိုးပွားစေရန် IT ပညာရပ်ဆိုင်ရာ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင်များက ဟောပြောပို့ချခဲ့ပြီး ငွေဆာင်ကမ်းခြေသမိုင်းနှင့်ပတ်သက်၍  တာဝန်ရှိသူများက ရှင်းလင်းဟောပြောခဲ့ကြသည်။

 

mdn

 

လူရည်ချွန်စခန်း (ငွေဆောင်)သို့ ဧပြီ ၂၉ ရက်မှ မေ ၄ ရက်အထိ အပန်းဖြေရန်နှင့် လေ့လာရေးခရီးသွားရောက်ရန် ရောက်ရှိလာကြသည့် လူရည်ချွန် မောင်မယ်များသည် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခြင်း၊ ပုသိမ်မြို့ရှိ ဟာလဝါလုပ်ငန်း၊ ပုသိမ်ထီးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ငွေဆောင်ဒေသရှိ ငါးဖမ်း၊ ငါးလှမ်းလုပ်ငန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းတို့ကို လေ့လာခဲ့ကြပြီး မေ ၅ ရက် နံနက်ပိုင်းတွင် လူရည်ချွန်စခန်း (ငွေဆောင်)မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)