မန္တလေး ၄ မေ
ဘေးအန္တရာယ်တစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ဖြစ်ပွားမှုများအတွက် ထိရောက်စွာ စီမံကုသပေးနိုင်ရန် လက်တွေ့ ဆက်တိုက်လေ့ကျင့်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ (Hospital Incident Command and Control Workshop) သင်တန်းကို ဧပြီ ၃၀ ရက်မှ မေ ၃ ရက်အထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ မန်းတောင်ရိပ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သော Humanity & inclusion နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ MOU စာချုပ်ပါ ခွင့်ပြုချက်အရ အင်္ဂလန်နိုင်ငံရှိ EMERGENCY MEDICAL TEAM (EMT) အဖွဲ့နှင့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက ပြောသည်။
''မန္တလေးတိုင်းဒေသကြီးက ငလျင်ဗဟိုချက်နဲ့ နီးကပ်နေတဲ့အပြင် မော်တော်ကားနဲ့ ဆိုင်ကယ်အများဆုံး အသုံးပြုနေတဲ့ မြို့လည်းဖြစ်တဲ့အတွက် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပေါ်နေတယ်။ ဒါကြောင့် ယာဉ်မတော်တဆမှုတွေ ငလျင်ဘေးအန္တရာယ် တွေသာမက အခြား မီးဘေး၊ ရေဘေး၊ စတဲ့ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် အစုလိုက်အပြုံလိုက် ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို စနစ်တကျ ကုသပြီး လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကျွန်မတို့ ဆေးရုံကြီးမှာ ရေးဆွဲထားတဲ့ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိသူများအား ကုသမှုစီမံချက် (MASS CASUALTY MANAGEMENT PLAN) ပါ လုပ်ငန်းစင်တွေကို ပိုမိုကောင်းမွန် ထိရောက်တဲ့ နိုင်ငံတကာ နည်းပညာရပ်တွေ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ အင်္ဂလန်နိုင်ငံက EMT အဖွဲ့နဲ့ ပူးပေါင်းပြီး အခုလို လက်တွေ့ဆက်တိုက်လေ့ကျင့်ခြင်းတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းတွေကို သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်သူတွေအနေနဲ့ ကျွန်မတို့ ရေးဆွဲထားတဲ့ MASS CASUALTY စီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်အားလုံးကို သိရှိဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ သင်တန်းသို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမများ၊ အထောက်အကူပြုဌာနများမှ ဝန်ထမ်းများနှင့် ဆေးရုံအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၆၀ ကျော် တက်ရောက်ခဲ့ကြပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် မန္တလေးနှင့် ရန်ကုန်ဆေးရုံကြီးများတွင်သာ ကျင်းပပြုလုပ်ခွင့် ရရှိကြောင်းနှင့် မကြာမီ ရန်ကုန်မြို့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


