စစ်တွေ ၅ မေ
(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ်လွှတ်တော် ဒုတယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ စစ်ဘက်ဆိုင်ရာအရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မိသားစုများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက (၇၃)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုမိန်းခွန်းပြောကြားပြီး ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က ကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းဆောင်နိုင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးအား လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အရန်မီးသတ်တပ်ဖွဲ့တွင် လုပ်သက် ၂၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော မြောက်ဦးမြို့နယ်မှ အရန်မီးသတ်တပ်ဖွဲ့မှူးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက မီးသတ်တပ်ဖွဲ့နေ့အတွက် အလှူငွေထည့်ဝင်ပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး မီးသတ်တပ်ဖွဲ့နေ့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ဆယ်သိန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပေးအပ်ရာ ပြည်နယ်မီးသတ် ဦးစီးမှူးက လက်ခံရယူသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


