ပခုက္ကူ ၅ မေ
ပခုက္ကူတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ကျောင်းသား/ကျောင်းသူများဖြင့် ဖွဲ့စည်းထားသော "အညာမြေချစ်သူများ"အဖွဲ့က ကြီးမှူးကျင်းပသည့် သုတေသနခြံပြုလုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေ ၄ ရက် နံနက် ၉ နာရီက ပခုက္ကူတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာ ညိုညိုထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ Project Coordinator မနိုနိုကိုက စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြပြီး ရုက္ခဗေဒဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာ ဥမ္မာထွေးက စီမံကိန်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာများမှ ဖိတ်ကြားထားသူများ၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအနီးရှိ ဂျပန်စိုက်ပျိုးရေး သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲကို မေ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပခြင်းဖြစ်ပြီး သုတေသနခြံကို ကျောင်းသား/ကျောင်းသူများ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်သင်ကြားနိုင်ရေး၊ ဒေသအတွက်အကျိုးရှိမည့် ဈေးကွက်ဝင် သီးပင်စားပင်များစိုက် ပျိုးနိုင်ရေး၊ ဒေသရှိသစ်ပင်များ အသုံးဝင်ပုံသိရှိနိုင်ရေး သုတေသနပြု လေ့လာသွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အချက်အလက်များကို ပခုက္ကူဒေသ စိုက်ပျိုးရေး တောင်သူလယ်သမားများထံ အသိပညာဖြန့်ဝေသွားရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


