မန္တလေး ၅ မေ 

“World Haemophilia Day” ကမ္ဘာ့သွေးမတိတ်ရောဂါနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် မေ ၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

00667

 

ရှေးဦးစွာ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ သွေးရောဂါဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမိုးဟိန်းက အမှတ်တရစကား ပြောကြားပြီး သွေးမတိတ်သောရောဂါအကြောင်း အသိပညာပေးဟောပြောကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။

“ကမ္ဘာ့သွေးမတိတ်သော ရောဂါနေ့က ဧပြီလ ၁၇ ရက်နေ့ပါ၊ အဲဒီနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်နေလို့ ယခု မေလ ၅ ရက်နေ့မှာ ကျင်းပတာပါ၊ သွေးမတိတ်သောရောဂါက ယောကျာ်းလေးတွေမှာ အဖြစ်များပါတယ်၊ မိန်းကလေးတွေမှာ ဖြစ်ပွားမှုနှုန်းနည်းပါတယ်၊ မန္တလေးတိုင်းဒေသကြီးမှာ စာရင်းဇယားများအရတော့ သွေးမတိတ်ဝေဒနာရှင် ၁၆၀ ဦးရှိကြောင်း၊ ဒါက ကျွန်တော်တို့ဆီမှာရှိတဲ့ စာရင်းဇယားအရပါ၊ ကျွန်တော်တို့မသိတဲ့ ဝေဒနာရှင်တွေလည်း ရှိသေးတဲ့အတွက် ဒီထက်လည်း ပိုရှိနိုင်ပါတယ်”ဟု မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ သွေးရောဂါဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာမိုးဟိန်းက ပြောသည်။

သွေးမတိတ်ရောဂါ Haemophilia ဆိုသည်မှာ မွေးရာပါ သွေးမတိတ်ရောဂါဖြစ်သည်။ ထိုရောဂါရှိသူများတွင် ဒဏ်ရာရသည့်အခါ သွေးထွက်ချိန်သည် သာမာန်လူများထက်ပို၍ ကြာသည်။ (သွေးထွက်မြန်ခြင်း မဟုတ်ပါ) ယေဘုယျအားဖြင့် သွေးမတိတ်ရောဂါ အမျိုးအစားနှစ်မျိုးရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အထိ ကောက်ယူရရှိသော စာရင်းများအရ သွေးမတိတ်ရောဂါရှိသူ (၇၀ဝ)ဦးခန့်ရှိကြောင်း၊ သွေးမတိတ်သောရောဂါသည် လူတစ်သောင်းလျှင် တစ်ဦးရှိနိုင်သောကြောင့် မြန်မာနိုင်ငံတွင် သွေးမတိတ်ရောဂါရှိသူ ခန့်မှန်း(၅၅၀ဝ)ဦးခန့် ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အခမ်းအနားသို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ သွေးရောဂါဌာနမှ ပါမောက္ခဌာနမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သွေးမတိတ်ဝေဒနာရှင်များ အသင်းမှ တာဝန်ရှိသူများ၊ သွေးမတိတ်ရောဂါဝေဒနာရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)