မကွေး ၅ မေ
၂၀၁၉ ခုနှစ် မေ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို မကွေးခရိုင် အားကစားကွင်းထဲ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ စွမ်းရည်များကို ခေတ်မီစက်ကိရိယာများနှင့်အတူ ပူးတွဲပြသခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့၏ စွမ်းရည်ကိုပြသရာတွင် လှေကားတင်ယာဉ်ပေါ်မှ (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဗီနိုင်းဖြင့် ရဟတ်ယာဉ်ဆင်း သရုပ်ပြသခြင်း၊ အမြင့်ပေ(၃၅)မီတာမှ လှေကားတင်ယာဉ်ရှိပန့်ဖြင့် ရေပက်ပြသခြင်း၊ ဆီသယ်ယာဉ် မီးလောင်မှုအား Foam မီးသတ်ယာဉ်မှ အအေးပေးခြင်းနှင့် Medium Fire Fighting & Resuce Truck မှ Foam Nozzel ဖြင့် ငြှိမ်းသတ်ပြသခြင်းများ လုပ်ဆောင်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသမီး၊ မီးသတ်တပ်ဖွဲ့ဝင်များမှ တစ်ပိုက်နှစ်တန်းစနစ်ဖြင့် မီးငြှိမ်းသတ်မှုစွမ်းရည်ပြသဖြင်း၊ ပလတ်စတစ်ပုံးဖြင့် ဆီထည့်ရာမှ သဘာဝတည်ငြိမ် လျှပ်စစ်ဖြစ်ပေါ်ပြီး မီးလောင်ခြင်းကို DCP မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ပြသခြင်း၊ ပိုလန်နိုင်ငံထုတ် Liting Vehicle မှ ယာဉ်တိုက်မှုဖြစ်ပွားထားသော မော်တော်ယာဉ်အား သယ်ယူရွှေ့ပြောင်းပြသခြင်း၊ Water Colour ရောင်စုံရေမွှား (ဝါ၊ ပြာ၊ နီ)များဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
“နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မီးဘေးအန္တရာယ်နဲ့ အခြားသော နေထိုင်မှုပုံစံဆိုင်ရာ ဘေးအန္တရာယ်တွေ ကြီးမားကျယ်ပြန့်လာပြီး မီးသတ်တပ်ဖွဲ့ရဲ့ အခန်းကဏ္ဍဟာလည်း မြို့ပြနယ်ပယ်မှာ မြင့်မားလာတာကိုတွေ့ရမှာ ဖြစ်တယ်။ ဘေးအန္တရာယ်တွေရဲ့ စိန်ခေါ်မှုကိုရင်ဆိုင်ဖို့၊ နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ်” ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက တပ်ဖွဲ့ဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ပြီး (၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့တွင် ထူးချွန်တပ်ဖွဲ့ဝင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


