ရန်ကုန် ၅ မေ
၂၀၁၉ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်း စွယ်တော်မြတ်စေတီအနီးရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ယနေ့နံနက်(၇)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားပြီး စွမ်းဆောင်မှုဆိုင်ရာ ရဲသူရိန်တံဆိပ် ရဲကျော်သူတံဆိပ် ချီးမြှင့်ခံရသူ တပ်ဖွဲ့ဝင်တို့အား ဂုဏ်ပြုဆုတံဆိပ်များ အပ်နှင်းခြင်းနှင့် ဌာနချုပ်ရှိ သီတာခန်းမတွင် (၇၃)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ဆုရစစ်ရေးပြတပ်ခွဲများ၊ စံပြမီးသတ်စခန်းဆု၊ စံပြအမြန်လမ်း မီးသတ်စခန်းဆု၊ သက်ပြည့်အငြိမ်းစားခံစား အရာရှိကြီးများ၊ ပြင်ပနည်းပြများ၊ နိုင်ငံတော်မှချီးမြှင့်သော ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရှိသူများ၊ ၂၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အစီအစဉ်အရ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းများ၊ နှစ်ပတ်လည်မဂ္ဂဇင်းနှင့် သတင်းဆောင်းပါးများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသောသည့် စာပေအနုပညာရှင်များ၊ အလှူရှင်များ၊ ဗဟိုအဆင့် ကျင့်ဝတ်ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ တစ်နှစ်တာအတွင်း ဝတ်စားဆင်ယင်မှု အကောင်းဆုံးရရှိသည့် အမျိုးသား/အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးစီနှင့် တစ်နှစ်တာအတွင်း အိမ်ထောင်သည်လိုင်းခန်း အကောင်းဆုံးဆုရသည့် အိမ်ထောင်သည် အမျိုးသမီးတပ်ဖွဲ့ဝင်/ မိသားစုတစ်ဦးစီတို့အား မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ စစ်ရေးပြချီတက်ခြင်း၊ မီးသတ်လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သရုပ်ပြသမှုနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ဆီသိုလှောင်ကန်ကြီး မီးလောင်မှုအား ငြှိမ်းသတ်ခြင်း၊ အထက်မြှင့် အဆောက်အအုံ မီးလောင်မှုအား ငြှိမ်းသတ်ခြင်း၊ ပိတ်မိနေသူများအား နည်းပညာအထောက်အကူ ပစ္စည်းများဖြင့် အထောက်အကူပြုကယ်ဆယ်ခြင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ပြိုကျမှုတွင် တပ်ခွဲအဆင့်လိုက် ရှာဖွေကယ်ဆယ်ခြင်း၊ လေ့ကျင့်ရုပ်ပြခြင်း၊ Hazmat Response Team မှ Chemical Agent ယိုဖိတ်မှုတွင် Operation Procedure အရ ရှင်းလင်းသရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ- မျိုးကြီး


