နေပြည်တော် ၅ မေ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဆိုက်ရောက်ခန်းမ၌ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ဝင်ရောက်နေမှု၊ ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ( Visa On Arrival ) ဝန်ဆောင်မှုပေးနေသည့် ကောင်တာနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ဝန်ဆောင်မှု ပေးနေသည့် သတင်းနှင့်ပြန်ကြားရေးကောင်တာတို့ကိုသွားရောက်ကြည့်ရှုသည်။
ထို့နောက် သက်ဆိုင်သည့်ဌာနများမှ တင်ပြချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး၊ ခရီးသွားများအဆင်ပြေချောမွေ့စွာ ဝင်/ထွက်နိုင်ရေး၊ ခရီးသွားဧည့်သည်များ ဝင်ထွက်မှုဆိုင်ရာ စာရင်းအင်းများစနစ်တကျရှိစေရေးနှင့် သတင်းနှင့် ပြန်ကြားရေး ကောင်တာတွင် ဝန်ဆောင်မှုပေးရာ၌ တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ပေးနိုင်ရေးတို့ကိုမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းရှိ ဌာနပိုင်အဆောက်အဉီသို့ သွားရောက်ပြီး အဆောက်အဉီကို စနစ်တကျ ထိန်းသိမ်းရေးနှင့် အဆောက်အဉီကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Luxemburg Development တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်ထားသည့် Myanmar Institute of Tourism & Hospitality သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းတွင် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများသင်ကြားပို့ချနေမှု ၊ စာတွေ့၊လက်တွေ့ သင်ခန်းစာများ သင်ကြားပို့ချ နေမှုများနှင့် သင်တန်းကျောင်းပြုပြင် မွမ်းမံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သင်တန်းကျောင်းတွင် Golden TMH Telecom Co.,Ltdမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းတွင် မြန်နှုန်းမြှင့်အင်တာနက်လိုင်း ရရှိစေရန်အတွက်ဆောင်ရွက် နိုင်မည့်အခြေ အနေနှင် အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက် အောင်ပြုလုပ်၍ သင်တန်းပို့ချခြင်းအစီအစဉ်များ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထား သော ဧည့်လမ်းညွှန်သင်တန်းကျောင်းသ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ဘဏ်လမ်းတို့တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင်ဖွင့်လှစ်သွားမည့် Yangon Weekend Market – Pansodanဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


