ရန်ကုန် ၅ မေ
၂၀၁၉ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ် ဖွဲ့နေ့အခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်း၊ စွယ်တော် မြတ်စေတီအနီးရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ စစ်ရေးပြကွင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက စွမ်းဆောင်မှုဆိုင်ရာ ရဲသူရိန်တံဆိပ် ချီးမြှင့်အပ်နှင်းခံရသူတပ်ဖွဲ့ဝင်(၂)ဦး၊ ရဲကျော်သူ တံဆိပ်ချီးမြှင့်ခံရသူ တပ်ဖွဲ့ဝင်(၅)ဦးတို့အား ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနြေဖင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရင်ပေါင် တန်းဆောင်ရွက်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို လက်ရှိ အခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလကိုမျှော်မှန်းပြီး အသွင်သဏ္ဍာန် ရော အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ကို Men Power ၊ Equipment Power နှင့် Technology Power များ ဟန်ချက်ညီအောင် တည်ဆောက် သွားရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် စစ်ရေးပြတပ်ခွဲများနှင့် မီးသတ်ယာဉ်များက ပြည်ထောင်စုဝန်ကြီးအား ချီတက်အလေးပြုကြပြီးသည်။
ဆက်လက်၍ အစီအစဉ်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဆင့်ကဲဖြစ်ပွားလာနိုင်သော ဆီသိုလှောင်ကန်မီးလောင်မှုအား မီးငြှိမ်းသတ်ခြင်း၊ အထပ်မြှင့်အဆောက်အဦပြိုကျမှုအား ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ Hazmat Respone Team မှ Chemical Agent ယိုဖိတ်မှုများအား Operation Procedure အရရှင်းလင်းခြင်းများကို သရုပ်ပြသကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့မှ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက် ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ပြခန်းများအတွင်းခင်းကျင်းပြသ ထားသည့် ခေတ်မီ မီးသတ်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ ဌာနအကြီးအမှူးများ၊အရာရှိကြီးများ၊ အငြိမ်းစား အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
ဆက်လက်၍ ဂုဏ်ပြုလက်မှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်ရှိ သီတာခန်းမတွင် ကျင်းပပြုလုပ်ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် အရာရှိကြီးများက(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ဆုရရှိသည့် စစ်ရေးပြတပ်ခွဲများ၊ စံပြမီးသတ်စခန်းဆု၊ စံပြအမြန်လမ်း မီးသတ်စခန်းဆု၊ သက်ပြည့်အငြိမ်းစားခံစားခဲ့သည့် အရာရှိကြီးများ၊ ပြင်ပနည်းပြများ၊ နိုင်ငံတော် မှချီးမြှင့်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများ၊ (၂၅)နှစ်ကျော်တာဝန်ထမ်းဆောင် ခဲ့ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းများ၊ နှစ်ပတ်လည် မဂ္ဂဇင်းနှင့် သတင်းဆောင်းပါးများတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသော စာပေနှင့် အနုပညာ ရှင်များ၊ အလှူရှင်များ၊ ဗဟိုအဆင့် ကျင့်ဝတ်ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ (၁)နှစ်တာအတွင်း ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆုရရှိသည့် အမျိုးသား/ အမျိုးသမီးတပ်ဖွဲ့ဝင်(၁)ဦးစီနှင့် (၁)နှစ်တာအတွင်း အိမ်ထောင်သည်လိုင်ခန်းအကောင်းဆုံးဆုရရှိခဲ့သည့်အိမ်ထောင်သည် အမျိုးသမီးတပ်ဖွဲ့ဝင်/ မိသားစုဝင်(၁)ဦးစီတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


