လေးမျက်နှာ ၅ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီက လေးမျက်နှာမြို့နယ် အားကစားခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုး ရေးအ တွက် လိုအပ်ချက်များဖြစ်သည့် အလုပ် အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အကူအညီနှင့် နည်းပညာများပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးတိုး တက်မြင့်မားရေးစသည့်လုပ်ငန်းများအတွက် အစိုးရဌာနများ၊ လွှတ်တော်များက ပြည်သူလူထု၏ ဆန္ဒနှင့်အညီ မြို့နယ်များမှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများအပေါ်ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်သူတစ်ဦးချင်း ကလည်း မိမိတို့တစ်ဦးချင်းစီ၏ မိသားစုဘဝတိုးတက်ရေး မှအစ တာဝန်သိစိတ်ကိုယ်စီဖြင့် ကြိုးစားဆောင်ရွက်ကြခြင်း၊ ဥပဒေစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး ကြိုးပမ်းဆောင်ရွက်ကြခြင်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ကျန်းမာရေး၊ လမ်းတံတား၊ ရေ၊ မီးအစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတွင် ခေတ်ကာလနှင့်လျော်ညီသည့် အခွန်အကောက် များရရှိရေး၊ စိုက်ပျိုးထုတ်လုမှုတိုးတက်မြင့်မားရေးတို့ကို လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ၊ အစိုးရဌာန များက ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနေများကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းဆွေးနွေးပြီး ပြည်သူများမှ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ ဒေသဖွင့်ဖြိုးရေး၊ ဥပဒေစိုးမိုးရေးနှင့် ဘဏ္ဍာငွေရရှိရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား ဒေသခံပြည်သူများကဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၇၀ဝ ကျော် ပူးပေါင်းပါဝင်တက် ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


