ရန်ကုန် ၅ မေ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသုံးဖတ်စာအုပ်များ ရိုက်နှိပ်ရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ၌ ပြင်ပပုဂ္ဂလိကအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကျောင်းသုံး ဖတ်စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တစ်နိုင်လုံးရှိ အခြေခံပညာ ကျောင်းသူ ကျောင်းသား အားလုံးအတွက် ကျောင်းသုံးဖတ်စာအုပ်သန်းပေါင်း ၁၁၀ ကျော်ကို ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ သိလိုပါကြောင်း၊ ကျောင်းဖွင့်ချိန်အမီ အရည် အသွေးပြည့်မီသည့် ကျောင်းသုံးဖတ်စာအုပ်များ ကျောင်းသူ ကျောင်းသား အားလုံး လက်ထဲသို့ရောက်ရှိရန် လိုအပ်သဖြင့် လိုအပ်ချက်များရှိပါက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံး ဖတ်စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြင်ပပုဂ္ဂလိကအဖွဲ့များမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးပြီး ယခုလုပ်ငန်းသည် တာဝန်ကြီးပြီး အင်မတန် မွန်မြတ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ လာမည့်စာသင်နှစ်တွင် ဘာသာရပ်များ များပြားလာ မည့်အတွက် ပုံနှိပ်ရမည့်အရေအတွက်လည်းများစွာ ပိုမိုလာမည် ဖြစ်ကြောင်း၊ ယခုနှစ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ၌ ကျောင်းသုံးဖတ် စာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက်သို့သွားရောက်၍ သတင်းခန်းမှ စာတည်းအဖွဲ့နှင့်တွေ့ဆုံပြီး သတင်း အကြောင်းအရာရွေးချယ်မှုမှန်ကန်ရေး၊ သတင်းအရည်အသွေးကောင်းမွန်ရေး၊ တစ်ခု တည်းသော နိုင်ငံပိုင်အင်္ဂလိပ်သတင်းစာဖြစ်သည့်အတွက် ပြည်တွင်းစာဖတ်သူသာမ က ပြည်ပစာဖတ်သူများကိုပါ ဖတ်ချင်စိတ်ရှိအောင် အဓိကထား လုပ်ဆောင်ရေး၊ သတင်း၊ ဓာတ်ပုံအပြင်အဆင် ကောင်းမွန်တိုးတက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး မှာကြားသည်။
ထို့နောက် စာတည်းအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)


