မိုင်းယု ၆ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မိုးမခမျှစ်ခါးများကို ပြည်သူများ ကြိုက်နှစ်သက်သောကြောင့် စားသုံးမှုများပြားလာနေသည့်အတွက် မိုးမခမျှစ်ခါး ရှာဖွေတူးဖော်ရောင်းချနေသည့် ကျေးလက်တောင်သူများမှာ မိသားစုအပိုဝင်ငွေရ၍ အဆင်ပြေလျက်ရှိသည်။
ဒေသခံတိုင်းရင်းသားတို့၏ ဒေသအစားအစားများအနက် တစ်နှစ်မှတစ်ခါတည်းသာ စားခွင့်ရသော သဘာဝအလျှောက် အလေ့ကျပေါက်ရောက်ပြီး နှောင်းတန်းခူးလတွင် မြေကြီးအတွင်း၌ ကိန်းအောင်းနေကာ မိုးရေမထိတွေ့သေးသည့် မျှစ်ခါးကို စတင်တူးယူကြရကြောင်း၊ တန်းခူးလနှောင်းပိုင်းနှင့် ကဆုန်လဆန်းကာလအကြား သင်္ကြန်မိုးကျပြီးနောက် မျှစ်ခါးပင်မှာ မိုးရေကိုရရှိ၍ ယင်းပင်စည်မှတစ်ဆင့် မျှစ်အစို့စတင်ထွက်ရှိလာကာ မြေပေါ်သို့ ယင်းမျှစ်အစို့ စတင်ထွက်ပေါ်လာချိန်၌ တူးယူခြင်းသည် အခါးဓာတ်ကင်းမဲ့နေပြီး ချိုမြိန်သော မိုးမခမျှစ်ခါးအရသာကို ရရှိစေကြောင်း၊ ထိုမျှစ်အစို့များ မြေပေါ်သို့ စတင်ထွက်ပေါ်လာချိန်တွင် မိုးရေထိတွေ့သွားပါက အချိုအဖြစ်မှ အခါးအဖြစ်သို့ သဘာဝအလျှောက် ပြောင်းလဲသွားသောကြောင့် ''မျှစ်ခါး''ဟု ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်မိုးကျပြီးနောက် မြေပေါ်သို့ အစို့စတင်ထွက်ပေါ်လာချိန်၌ပင် ဒေသခံတိုင်းရင်းသားများက အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်း သော်လည်းကောင်း မျှစ်ခါးပင်ရှိရာ ဝေးလံသည့် တောတောင်လျိုမြောင်များသို့ သွားရောက်၍ ယင်းမျှစ်ခါးပင်စည်အခြေရှိ မိုးမခသေးသည့် မျှစ်ဦးစို့များအား အပေါ်ယံမြေအနည်းငယ် တူးဖော်ကြည့်ကာ မြင်တွေ့ပါက မြေအနက်တစ်ပေနီးပါးအထိ ဆက်လက်တူးယူမှသာလျှင် ချိုမြိန်သော မိုးမခမျှစ်ခါးအား ရရှိကြောင်း၊ အဆိုပါ မျှစ်ခါးများကို တစ်နေ့သာတူးယူလျှင် မိမိတို့ ဆာလာအိတ်ဖြစ် ပြုလုပ်ထားသည့် ဘေးလွယ်အိတ်တစ်လုံးခန့်သာ တူးဖော်ရရှိပါကြောင်း မျှစ်ခါးရှာ ဖွေတူးဖော်ရောင်းချသူထံမှ သိရသည်။
ထိုသို့ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါးအား မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ တို့စရာ ဟင်းလျာအဖြစ်လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း အမျိုးမျိုးချက်ပြုတ်ကာ မြိန်ယှက်သော ဟင်းလျာတစ်ခွက်အဖြစ် စားသုံးခြင်းဖြစ်သည်။ ရှားပါးစွာ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါး ငါးချောင်းမှ ခြောက်ချောင်းပေါင်း တစ်စီးလျှင် ငွေကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ ကျပ်အကြား၊ ယင်းသုံးစီးလျှင် ကျပ် ၅၀ဝ၀ ထိ ပေးဝယ်ရကြောင်း ဝယ်ယူစားသုံးသူများက ပြောသည်။
ကိုကိုနိုင်(မိုင်းယု)


