မယ်စဲ့ ၆ မေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မယ်စဲ့မြို့၊ မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ်နှင့် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါဓမ္မာရုံရှေ့၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံတိုင်းရင်းသား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ်နှင့် ကွန်ကရစ်လမ်းသစ်အား ဖားဆောင်းမြို့နယ် သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ဂန္ထဝါစက ဘန္ဒဒ္ဒဝိဇယ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလင်းလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါဓမ္မာရုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေကျပ် ၉၉ ဒသမ ၈ဝ သန်းဖြင့် လည်းကောင်း၊ ဓမ္မာရုံအတွင်း လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် လည်းကောင်း၊ ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈ဝ ဒသမ ဝဝ သန်းဖြင့် ဓမ္မာရုံကွန်ကရစ်လမ်း အရှည်ပေ ၁၀ဝ၀၊ ကျောက်စီမြေထိန်းနံရံ ပေ ၄၅၀ နှင့် အေပရွန်ရေနုတ်မြောင်း ပေ ၃၅ဝ တို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


