ဝန်းသို ၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဇီးဖြူပင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀ဝ ဖြင့် တည်ဆောက်သော ကျေးရွာတွင်း ကွန်ကရစ်တံတား သုံးစင်းဖွင့်ပွဲကို မေ ၅ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာတွင်း ကွန်ကရစ်တံတားမုခ်ဦး၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အမှုဆောင်ရာရှိ ဦးစိန်လွင်နှင့် တာဝန်ရှိသူတို့က ကျေးရွာတွင်း ကွန်ကရစ်တံတား သုံးစင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့က အမှာစကာပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်း၊ တံတားဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဇီးဖြူပင်ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင် ဦးကျော်ရွှေက မိမိတို့ကျေးရွာကို တံတားသုံးစင်း ခွင့်ပြုခဲ့သော်လည်း အကျယ် လေးပေတံတား တစ်စင်းထပ်မံ ဆောင်ရွက်နိုင်သည့်အတွက် စုစုပေါင်းတံတား လေးစင်းအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိုးကာလတွင် ရေနစ်မြုပ်လေ့ရှိသော ကျေးရွာဖြစ်ပြီး ယခုလိုတံတားများ ဆောင်ရွက်ခွင့်ရသည့်အတွက် အခက်အခဲတစ်ခုကို အတော်အသင့် ကျော်လွှားနိုင်ပြီဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ဆောင်ရွက်ခွင့်ပြုခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုလည်း ကျေးဇူးအများကြီး တင်ရှိပါကြောင်း ကျေးရွာပြည်သူများကိုယ်စား ဝမ်းသာပီတိစကား ပြောကြားခဲ့သည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


