ပဲခူး ၆ မေ
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီခွဲက ပဲခူးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ ဂုံးကျော်တံတားအနီး ရန်ကုန်-မန္တလေး ကားလမ်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းသူများအနေဖြင့် ယာဉ်မောင်းစဉ် ခါးပတ်ပတ်ဖို့၊ တယ်လီဖုန်းမပြောဖို့၊ အရှိန်ပြင်းပြင်းမမောင်းဖို့၊ မူးရင်မမောင်းဖို့၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းဖို့အတွက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စတစ်ကာများ ကပ်ပေးခြင်း ဖြစ်ပါတယ်၊ မိမိ၏ မျက်စိတစ်မှိတ် မျက်တောင်တစ်ခက် သတိကင်းလွတ်မှုကြောင့် ယာဉ်မတော်တဆမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားနေပါတယ်၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို၍ ကောင်းမွန်သည်ဟူသည့် စကားအတိုင်း ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် မိမိကိုယ်တိုင်မှ အစပြု ကျင့်သုံးလိုက်နာကြဖို့ လိုပါတယ်၊ ယခုနှစ်ဆောင်ပုဒ်သည် ‘‘လူ့အသက်ကို ကယ်ဆယ်ဖို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအကြောင်း များများပြောကြဖို့’’ ဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဒေါ်နန်းကော်ကော်မြင့်က ပြောသည်။
‘‘အမြဲတမ်း စဉ်ဆက်မပြတ် လုပ်စေချင်ပါတယ်၊ လူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပြောတုန်းခဏပဲ လိုက်နာပြီး ကျန်တဲ့အချိန်ကျတော့ မေ့ကုန်ကျတယ်၊ ဖမ်းဆီးအရေးယူမှုတွေ အမြဲတမ်း စနစ်တကျ လုပ်စေချင်တယ်၊ လူတွေက ဖမ်းတုန်းခဏတော့ ဦးထုပ်ဆောင်းလိုက်တယ်၊ ဒါကြောင့် ဖမ်းလိုက် ရပ်လိုက်မလုပ်ဘဲ စည်းကမ်းဖောက်ဖျက်သူတွေကို တိတိကျကျအရေးယူပြီး ပြစ်ဒဏ်ကိုလည်း ပြင်းပြင်းထန်ထန် ချမှတ်ပေးစေလိုပါတယ်၊ ဒါမှ စည်းကမ်းကောင်းလာမှာဖြစ်ပါတယ်’’ဟု ဆိုင်ကယ်အသုံးပြုမောင်းနင်သူ ပန်းလှိုင်ရပ်ကွက်နေ ဦးလှဌေးက ပြောသည်။
ယာဉ်နှင့် လမ်းအသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၁၆၃ မှု၊ ဒဏ်ရာရရှိသူ ၃၄၁၈ ဦး၊ သေဆုံးသူ ၄၇၆ ဦးရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်တိုက်မှုအနေဖြင့် အမှုပေါင်း ၈၇၂ မှုဖြစ်ပွားပြီး ဒဏ်ရာရသူ ၁၄၃၈ ဦး၊ သေဆုံးသူ ၂၁၉ ဦးရှိကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို မေ ၆ ရက်မှ ၁၂ ရက်အထိ ပဲခူးမြို့ပေါ် နေရာအသီးသီးတွင် ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စတစ်ကာကပ်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


