မြင်းခြံ ၆ မေ
လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက် မျှဝေမိတ်ဆက်ခြင်း အခမ်းအနားကို မေ ၅ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မဏိကဉ္စနာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြင်းခြံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဦးကိုကိုမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အကြောင်းကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးက ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်က ဒေသန္တရစီမံကိန်း၊ အရသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က လွှတ်တော်ကိုယ်စားလှယ် လုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Kanaung Institute အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးမှ ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် Kanaung Institute အဖွဲ့အကြောင်းကို ရှင်းလင်းပြောကြားပြီး Kanaung Institute မှ စီမံကိန်းထောက်ပံ့မှု ဒါရိုက်တာ ဦးဇော်ဝင်းအောင်က လွှတ်တော်သတင်းအချက်အလက်များ ရယူကြည့်ရှုနိုင်သည့် အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ မြင်းခြံခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြင်းခြံခရိုင်အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးဇော်မင်းနိုင်(မြင်းခြံ)


