ဘားအံ ၆ မေ
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ(သင်တန်း) အမှတ်စဉ်(၄၄) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က ကရင်ပြည်နယ်တွင် မြဝတီနယ်စပ်ဂိတ်ကို တရားဝင် ဖွဲ့လှစ်ခဲ့သည့်အပြင် ပြည်ပခရီးသွားဧည့်သည် ဝင်/ထွက်ခွင့်ပြုသည့်နောက်ပိုင်း ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်ကို တွေ့ရပါကြောင်း၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုများမှာလည်း နှစ်စဉ်တိုးတက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလို သင်တန်းများ ဆောင်ရွက်ပေးခြင်းသည် ကောင်းမွန်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ(သင်တန်း) အမှတ်စဉ်(၄၄)မှာ ဘားအံမြို့တွင် တတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒုတိယကြိမ်မြောက်ထိ သင်တန်းသား သင်တန်းသူ (၁၂၄)ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၀၄)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ မေ ၃၀ ရက်ထိဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ဟိုတယ်(၃၃)လုံး၊ အခန်းပေါင်း (၁၁၇၀) ခန်း၊ လိုင်စင်ရယူ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခုသင်တန်းကို ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


