ကျုံပျော် ၆ မေ

 


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ရှမ်းစု-မိုးကြိုးပစ်လမ်းပေါ်ရှိ ကျုံကဒွန်းတံတားပေါ် မေ ၅ ရက် နေ့လယ်ပိုင်းက ဝန်တင်ကျောက်ကား ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ရေကြည်မြို့နယ်ဘက်မှ ကျောက်များတင်ဆောင်လာသော ယာဉ်မောင်း ထွန်းထွန်းအောင် မောင်းနှင်သည့် ကျောက်တင်မော်တော်ယာဉ်သည် ကျုံပျော်မြို့နယ်၊ ခရေကန်ကျေးရွာသို့ ကျောက်များသယ်ပို့ရန်အတွက် ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်-  မိုးကြိုးပစ် လမ်းအတိုင်း မောင်းနှင်လာစဉ် လှည်းဆိပ်ကျေးရွာနှင့် တိုက်ရွာကျေးရွာသို့ ဆက်သွယ်ထားသော ကျုံကဒွန်းတံတား၊ အရှည်ပေ(၈၀)၊ အကျယ် (၁၄)ပေရှိ သံဘောင်၊ သစ်သားတံတားအား မေ ၅ ရက် မွန်းတည့် ၁၂ နာရီ ၅ မိနစ်ခန့်က ဖြတ်သန်းရာ တံတားအလယ်ပေ (၄၀)ခန့် အရောက်တွင် တံတားကျိုးကျသွားခဲ့ပြီး ကျောက်ကား၏ နောက်ပိုင်းမှာ တံတားကျိုးနှင့်အတူ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဟိန်းကိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ကားအားပြန်လည်ဆယ်တင်နိုင်ရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေရေး ဆက်သွယ်သွားလာမှု ပြတ်တောက်မှု မရှိစေရေးအတွက် တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ယာဉ်မောင်း ထွန်းထွန်းအောင် (၃၆)နှစ်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


နေဝန်းရှိန်(ကျုံပျော်)

 

ewe