နေပြည်တော် ၆ မေ
ကမ္ဘာ့လက်သန့်ရှင်းရေးနေ့(၂၀၁၉) (World Hand Hygiene Day - 2019) အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး က မေလ (၅) ရက်သည် ကမ္ဘာ့လက်သန့်ရှင်းရေးနေ့ (World Hand Hygiene Day) ဖြစ်ပြီး စနစ်တကျလက်ဆေးခြင်းဖြင့် ရောဂါပိုးကင်းစင်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိခြင်းကြောင့် ဆေးကုသမှုအရည်အသွေးမြှင့်တင်ရေး ရရှိနိုင်သည် ဆိုသည်ကို ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ သတိပြုမိစေရန် ရည်ရွယ်ပြီး ကမ္ဘာနှင့်အဝှမ်း ကျင်းပသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊
ယခုနှစ် ကမ္ဘာ့လက်သန့်ရှင်းရေးနေ့အတွက် ဆောင်ပုဒ် မှာ “Clean Care for All – it’s in Your Hands” “ရောဂါပိုးကင်းဝေးသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့ အားလုံးမှန်မှန် လက်ဆေးစို့” ဖြစ်ပါကြောင်း၊ ရောဂါပိုးပျံနှံ့ မှုမှ ကာကွယ်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု ကို ရရှိစေရန်အတွက် လက်ဆေးသင့်သည့် အချိန်များတွင် နည်းစနစ်မှန်ကန်စွာဖြင့် လက်ဆေး ကြခြင်းဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေကာ Universal Health Coverage အတွက် ထိရောက်သည့် အထောက်အကူပြုစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါကြောင်း။
ကျန်းမာရေးဝန်ထမ်းများနှင့် လူနာကိုပြုစုစောင့်ရှောက်မှု ပေးနေသည့်သူများသည် လူနာများကို အဓိကကိုင်တွယ်ထိတွေ့ ဆောင်ရွက်နေကြသူများဖြစ်သောကြောင့် မသန့်ရှင်း သည့် လက်မှတဆင့် ရောဂါပိုး ပျံပွားခြင်းမရှိစေရန် အဓိကတာဝန်ရှိသည့်သူများ ဖြစ်ပါကြောင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် Infection Prevention and Control လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဆေးရုံစီမံခန့်ခွဲသူများ၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ အားလုံးက အတူတကွ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူနာများကို ပြုစုစောင့်ရှောက်ပေးရသည့် ပြည်သူများပါ အသိပညာရရှိစေရန် စည်းရုံးတိုက်တွန်း ဆောင်ရွက် ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က ကုသရေးဦးစီးဌာန၏ Infection Prevention and Control in Hospitals အတွက် ဆောင်ရွက်မှုများကိုတင်ပြပြီး နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀ဝ၀) မှ ဆေးရုံအုပ် ကြီး ဒေါက်တာပပက နေပြည်တော် ပြည်သူ့ဆေးရုံကြီး၌ Infection Prevention and Control in Hospitals အတွက် ဆောင်ရွက်မှုများကိုတင်ပြသည်။
ယင်းနောက် ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန်(ကုသရေး) ဒေါက်တာ အေးမြတ်မွန်က Hand Hygiene အကြောင်းတင်ပြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ ဇာဇာနိုင်က IPC Updates and future perspectives ကိုတင်ပြကာ နေပြည်တော် ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများက နည်းစနစ်မှန်ကန်စွာ လက်တွေ့ လက်ဆေးခြင်းပြိုင်ပွဲကို ပြုလုပ်ကြပြီး တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


