ရန်ကုန် ၆ မေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာဦးပွားနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဦးအောင်တင်စိုးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားရာ၌ သင်တန်းသား/သူများအနေဖြင့် ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးစာမေးပွဲ အဆင့်ဆင့်ကို ခက်ခဲစွာဖြတ်သန်းပြီး အောင်မြင်မှုကိုယ်စီရရှိအောင် စွမ်းဆောင်နိုင်သူများ၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများအဖြစ် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိပြီး ဖြစ်သော်လည်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်မှာ ပြီးဆုံးခြင်းမရှိသေးဘဲ ယခုဖွင့်လှစ်သည့် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်းကို အဆင့်အတန်းမြင့်မြင့်နှင့် အောင်မြင်အောင် ကြိုးစားဖြတ်သန်းရဦး မည်ဖြစ်ပါကြောင်း။
သင်တန်းကာလမှာ ရက်သတ္တ(၁၆)ပတ် ကြာမြင့်မည်ဖြစ်ပြီး ပညာဌာန(၇)ခုမှ ဆရာ၊ ဆရာမများနှင့် ပြည်တွင်းပညာရှင်များက မိမိတို့နိုင်ငံ၏ လက်ရှိခေတ်စနစ်နှင့်လျော်ညီစွာ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုစုထားရှိသည့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးဇယားများဖြင့် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) တို့ ပူးပေါင်းပြီး သင်တန်းသား/သူတို့ကို ICT Competency များ ရရှိစေရန် သင်ကြားပေးမည်ဖြစ်ပြီး ICT Competency Certificate ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းသို့ သင်တန်းသား(၃၀)၊ သင်တန်းသူ(၆၁)၊ စုစုပေါင်း(၉၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ သြဂုတ် ၂၃ ရက်အထိ သတ္တ(၁၆)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


