နေပြည်တော်  ၆  မေ 

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မေ ၄ ရက် နံနက်ပိုင်းတွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) အစည်းအဝေးခန်းမ၌ ဂျာမနီနိုင်ငံ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စက်မှုနှင့် သက်မွေး ပညာကျွမ်းကျင်သူ Mr. Robin Ogden ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများနှင့် တွေ့ဆုံဆွေးနွေးသည်။ 

 

ယင်းနောက် သင်တန်းကျောင်းအတွင်း Electrical Fitter Shop တွင် သင်တန်းသူ/ သားများ၊ လျှပ်စစ် မော်တာ ပြုပြင်တပ်ဆင်နေမှု၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် ပြုပြင်ထိန်းသိမ်းမှု သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများတပ်ဆင်ထားရှိမှု၊ NSSA Level 3 သင်တန်း ဖွင့်လှစ်ရန်အတွက် စက်ပစ္စည်းများတပ်ဆင်ထားရှိမှုနှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သင်ရိုးညွှန်းတမ်းများအဆင့်မြှင့်တင်ရန် လိုအပ်ချက်များ နှင့် သင်ထောက်ကူ ပစ္စည်း များဖြည့်ဆည်းပေးရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂၃)အကြီးစားစက်ရုံ (ညောင်ခြေထောက်)သို့ ရောက်ရှိပြီး စက်ရုံမှ တီထွင်ထုတ်လုပ် ထားသော သတ္တုအချောကိုင် အရောင်တင်စက် (Metal Polishing Maching) စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးနှင့် စွမ်းရည်ပြည့်မီရေးအတွက် လိုအပ်သော အချက်များကိုဖြည့်ဆည်းပေးခဲ့ပြီးအချိန်မီထုတ်လုပ်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့်အတူ စက်ရုံမှထုတ်လုပ်ခဲ့သော ရေနံတွင်းတူးစက်ကိုကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လိုအပ်ချက်များအတိုင်း မွမ်းမံပြုပြင်ထုတ်လုပ်ပေးနိုင်ရေး အတွက် ဆွေးနွေးမှာကြားပြီးရေနံမြေသို့ သွားရောက်၍ လက်တွေ့ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်သွားရန် မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မေ ၅ ရက်နံနက်ပိုင်းတွင် အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)သို့ရောက်ရာ စက်ရုံမှူးက ကုန်ထုတ်လုပ်မှု၊ ရောင်းချဖြန့်ဖြူးမှု၊ အဆင်သစ်များ တီထွင်ဖန်တီးမှု၊ စက်ရုံ၏ အရှုံးအမြတ်အခြေအနေနှင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်းချည်မျှင်ထုတ်လုပ်ရန် ဝါဖန်နေမှု၊ ၁/၄၀ စီ၊ ၁/၂၁ စီချည်မျှင်များထုတ်လုပ်နေမှု၊ ကျောင်းစိမ်းလုံချည်များရက်လုပ်နေမှု၊ ပိတ်အုပ်များအရောင်ချွတ်နေမှု၊ ဒီဇိုင်းဖော် ဆေးဆိုးပန်းရိုက်နေမှု၊ ဆေးချုပ် ပိတ်ပေါင်းနေမှု၊ အရည်အသွေးစစ်ဆေးနေမှု၊ ထုတ်လုပ်ပြီးသော ကုန်ချောများခင်းကျင်းပြသထားမှု၊ ဒီဇိုင်းရေး ဆွဲနေမှုနှင့် စက်ရုံမှ ခေတ် အဆက်ဆက်ထုတ်လုပ်ခဲ့သောထုတ်ကုန်နှင့် ဒီဇိုင်းများအား ခင်းကျင်းပြသထားသော Design & Product Gallery အားကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ဝင် ထုတ်ကုန်အမယ်သစ်နှင့် ဒီဇိုင်းအသစ်များအဆက်မပြတ် တီထွင်ထုတ်လုပ်ရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုစီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် PPP စနစ်ဖြင့် ပုဂ္ဂလိကနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်မှုကိုအားပေးမြှင့်တင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)