နေပြည်တော် ၆ မေ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ ပတ္တမြားခန်းမ၊ သုဝဏ္ဏ၊ ရန်ကုန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ကုသရေးဆိုင်ရာနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးအဖွဲ့များ ဖွဲ့စည်းထားရှိကာ အကြံဉာဏ်များရယူဆောင်ရွက် လျက်ရှိသကဲ့သို့ အားကစားကဏ္ဍတွင် လည်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီကိုဖွဲ့စည်းကာ မြန်မာနိုင်ငံအားကစားလောကကြီး တစ်ခုလုံးဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ကော်မတီဖွဲ့စည်းရာတွင် အားကစားနည်းအမျိုးမျိုးမှ အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီဝင်များ အနေဖြင့် အားကစားလောက ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို မိမိကိုယ်ပိုင်အရေးကိစ္စ ကဲ့သို့ သတ်မှတ်ကာ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ရေး၊ အားကစားနည်းအမျိုးမျိုး အောင်နိုင်ရေး၊ ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားကို စိတ်ပါဝင်စား ဆောင်ရွက်ကြရာမှ ကျန်းမာသန်စွမ်းရေးစသည့် ကိစ္စရပ်များ အတွက် အကြံဉာဏ်များ ပေးအပ်သွားကြရန်ဖြစ်ပါကြောင်း။
အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများအားလုံးတွင် မူးယစ်ဆေးဝါး၊ တားမြစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ရေးကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အားကစားအောင်နိုင်ရေး၊ ကျန်းမာသန်စွမ်းရေးတို့အတွက် အရေးကြီးသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးစားပေးသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး အပါအဝင် ကျောင်းကျန်းမာရေးလုပ်ငန်းများပိုမိုကောင်းမွန်တိုးတက်ရေး နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီးတစ်ခုကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊အားကစားအောင်နိုင်ရေးအတွက် ကိုယ်ကာယပိုင်းတွင်သာမက စိတ်ပိုင်းဆိုင်ရာပါ အရေးကြီးသဖြင့် အားကစားဆိုင်ရာ စိတ်ပညာကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
နိုင်ငံတကာ အားကစားပြိုင်ပွဲများမှ အောင်ပွဲရအားကစားသမားများ၏ ဘဝအနာဂတ် ခိုင်မာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများတိုးမြှင့်ချီးမြှင့်ခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနည်းပြများ၏ အရည်အသွေးတိုးတက်မြင့်မားရေးကိစ္စရပ်များကိုလည်း မူဘောင် ချမှတ်ကာ မဟာဗျူဟာရေးဆွဲ၍ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပရေးနှင့် နောက်အဆင့်အနေဖြင့် အမျိုးသားအဆင့် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အကြံပြုချက်များကိုလည်း ပေးအပ်စေလိုပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းစုစည်း ညီညာစွာဖြင့် မြန်မာနိုင်ငံအားကစားလောကကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် အကြံပြုချက်များပေးအပ်ခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်သွားရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအိုလံပစ် ကော်မတီပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ် (၄၂) ဖွဲ့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေးနှင့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ရေးတို့ အတွက် အဖွဲ့ချုပ် တစ်ခုချင်းစီအလိုက် တင်ပြမှုနှင့်ဘက်စုံအကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးသည်။
(သတင်းစဉ်)


