ရန်ကုန် ၆ မေ 

 

ရာသီဥတု အပူရှိန်မြင့်မားလာမှုကြောင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို သတိပြုသုံးစွဲလျက်ရှိသည့်နည်းတူ ရရှိသော သဘာဝဓတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားကိုဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ်မီဂါဝပ်(၁၆၀ဝ)အသုံးပြုနေသော ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်(၄၄)မြို့နယ်အတွက် လိုအပ်သော လျှပ်စစ် ဓာတ်အားကို အုပ်စုလေးအုပ်စုခွဲ၍ မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေ းကော်ပိုရေးရှင်းမှ သိရသည်။

 

“လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ အခါမှာ အုပ်စု(၄)အုပ်စုခွဲပြီး ဓာတ်အားပေးနေပါတယ်။ စက်မှုဇုန်၊ ကွန်ဒို၊ မီးခိုးမထွက်တဲ့လုပ်ငန်းနဲ့ အများပြည်သူဆိုပြီး အုပ်စု(၄)စုခွဲထားတယ်။ အများပြည်သူမှာ အုပ်စု(A)ကနေ (D)ဆိုပြီး အုပ်စုလေးစုမှာလည်း အုပ်စုတစ်စု တစ်ကြိမ်ကို (၂)နာရီ ဓာတ်အားပိတ်ပါတယ်။ စက်မှုဇုန်တွေမှာလည်း ညနေ(၄)နာရီကနေ (၁၀)နာရီကလွဲရင် ကျန်တဲ့အချိန် ဓာတ်အားဖြန့်ဖြုူးပေးထားပါတယ်။ အနောက်ပိုင်း ခရိုင်တစ်ခုပဲ စက်မှုဇုန်မရှိတာပါ။ အများပြည်သူနဲ့ စက်မှုဇုန်မှာ လျှပ်စစ်မီးလိုအပ်လာရင် စီးတီးမတ်တွေ ဓာတ်အားလျှော့ဖို့ ဆောင်ရွက်ထားပါတယ်။ 

 

မေလ(၁)ရက်နေ့ စတင်စမ်းသပ်ပြီးတော့ (၄)ရက်နေ့ကစပြီး အလှည့်ကျ လျှပ်စစ်ဓာတ်ပိတ်တဲ့ စနစ်နဲ့ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ ဦးတင်အောင်က ပြောသည်။

 

အုပ်စုလေးစုတွင် (၂)နာရီ လျှပ်စစ်ဓာတ်အား ရပ်နားသောအုပ်စုရှိသည့်နည်းတူ (၆)နာရီ လျှပ်စစ်ဓာတ်အား ပြတ်တောက်သော အုပ်စုလည်းရှိသောကြောင့် အုပ်စုအလိုက်မြို့နယ်အချို့(၆)နာရီကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှှု ရှိခြင်းဖြစ်ပြီး လေးရက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် တူညီခြင်းမရှိဘဲ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် ရရှိသော ဓာတ်အားအတိုင်း ဖြန့်ဖြူးပေးခြင်းဖြစ်ရာ ရေအားလျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကို ဇွန်လအတွက် ကြိုတင်ချွေတာသုံးစွဲမှုနှင့်အတူ သဘာဝဓာတ်ငွေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း ပုံမှန်အတိုင်း ရန်ကုန်တိုင်းဒေသကြီးကို ပို့လွှတ်လျက်ရှိရာ ရေအားလျှပ်စစ်ထုတ်လုပ်မှု ပို၍များသောကြောင့် အပူရှိန်ကြောင့် ဆည်ရေ လျာ့နည်းလာမှုကို ထိန်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် ဆည်အတွင်း မိုးရေစတင်ဝင်ရောက်ချိန်ထိ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

 

“ရန်ကုန်မှာ(၁၆၀ဝ)မီဂါဝပ်သုံးစွဲနေပေမယ့် အခုအပြည့်မရတော့ဘူး။မြို့နယ်တွေ ကို အလှည့်ကျပေးနေရတယ်။ရေအားလျှပ်စစ်မှာ ဒီလ မီးရအောင် ရေအပြည့်သုံးလိုက်လို့ မေလမိုးမရွာခဲ့ရင် ဇွန်လမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုံးဝအဆင်မပြေနိုင်ဘူး။ဒါကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ထိန်းပြီးဓာတ်အား ဖြန့်ဖြုူးနေရတာပါ” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (မြို့ပြ)မှ ဦးရန်မျိုးနိုင်က ပြောသည်။

 

ရန်ကုန်မြို့၏ တစ်နေ့တာလျှပ်စစ်ဓာတ်အား သုံးစွဲမှုမီဂါဝပ်(၁၆၀ဝ)တွင် မီဂါဝပ် (၅၀ဝ)ခန့်ကို သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်ပေးလျက်ရှိပြီး မဟာဓာတ်အားလိုင်း System breakdown ဖြစ်ပါက အဆိုပါသဘာဝဓာတ်ငွေ့ လျှပ်စစ်ဓာတ်အား စက်ရုံမှ ရန်ကုန်မြို့ရှိ အဓိကနေရာများကို အချိန်မီဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့်နည်းတူ နေ့စဉ် ဓာတ်အားဖြန့်ဖြုူးပေးနေကြောင်း၊ အထူးသဖြင့် မိုးမကျမီ ဆည်ရေများ ကုန်ခန်းသွားခြင်းမရှိစေရန် ထိန်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေခြင်းဖြစ်ရာ ဓာတ်အား သုံးစွဲသူတို့အနေဖြင့် အကျိုးရှိစွာ သုံးစွဲကြရန် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မေတ္တာရပ်ခံထားပြီး ရန်ကုန်တိုင်း ဒေသကြီးအတွက် အသုံးပြုနေသော မဟာဓာတ်အားလိုင်းသည် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှု ပို၍များသောကြောင့် မြို့နယ်များမျှတစွာ အသုံးပြုနိုင်ရန် အုပ်စုလေးစုဖြင့် တစ်ရက်လျင် (၂)နာရီမှ (၆)နာရီကြာ ဓာတ်အားထိန်းချုပ်၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်