၇ မေ
“ပညာရွှေအိုး လူမခိုး” ဆိုသကဲ့သို့ ပညာတည်းဟူသော အဖိုးတန်သော အရာကို မည်သူမျှ ဖျက်ဆီးနိုင်စွမ်းမရှိချေ။ ထို့ကြောင့် မိမိတို့ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာဥစ္စာဖြင့် ရင်းနှီးမြှုပ်နှံတည်ဆောက်ကြသည်။ နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း အရင်းခံအကြောင်းတစ်ခုမှာ တိုင်းပြည်တွင် ပညာဘက်၌ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ အဖိုးတန်သော အရင်းအမြစ်သယံဇာတများတွင် လူသားအရင်းအမြစ်သည် တန်ဖိုးအကြီးဆုံးဖြစ်၍ လူသားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးအောင် ပညာရေးဘက်တွင် မဟာဗျူဟာများ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်း အကြောင်းကိစ္စအဝဝတို့ကို ပြန်လည်စေ့ငုကြည့်မည်ဆိုလျှင် ပညာရေးဘက်၌ အားနည်းခြင်း၊ အားသာခြင်းအကြောင်းပေါ်တွင် မူတည်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ ပညာရေးသည် ဖွံ့ဖြိုးတိုးတက်ရေးသာမက ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး စသည့် ဖွံ့ဖြိုးမှုလုပ်ငန်းအားလုံးအတွက် အရေးပါသည်။
ကိုလိုနီခေတ်က ကျွန်သက်ရှည်စေရန်အတွက် ပညာရေးကိုအားမပေးခဲ့သဖြင့် မြန်မာမျိုးချစ်ပုဂ္ဂိုလ်များက ပညာရေးဘက်တွင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြပြီး အမျိုးသားလွတ်မြောက်ရေးသို့ တက်လှမ်းနိုင်ခဲ့သည်။ လွတ်လပ်ပြီးနောက်ပိုင်းကာလဝယ် အဆင့်ဆင့်သောပညာရေးကို အမျိုးမျိုးအဖုံဖုံစမ်းသပ်ခဲ့ကြပြီး ထိုပညာရေး စနစ်အောက်မှ ထွက်ပေါ်လာခဲ့သော လူသားအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အနေအထားများကို ယနေ့မြင်တွေ့နိုင်မည်ဖြစ်သည်။ ထိုသို့အားနည်းခဲ့သောပညာရေးကို ပြန်လည်ပြုပြင်ကြိုးပမ်းအားထုတ်နိုင်ပါက နောင်မျိုးဆက်တစ်ခုရောက်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ပန်းတိုင်သို့ရောက်ရှိနိုင်ရန်အတွက် လူတိုင်းပါဝင်သော၊ တန်းတူညီမျှသော၊ အရည်အသွေးရှိသောပညာရေးကို ဖော်ဆောင်ရန်နှင့် လူတိုင်းအတွက် ဘဝတစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင်နိုင်ရန် အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေရေး၊ ကျောင်းထွက်နှုန်း ပပျောက်ရေးကို အစောပိုင်းကတည်းက ဆောင်ရွက်လျက်ရှိသည်။ ယခုအတန်းစနစ်ပြောင်းလဲခြင်း၊ အလွတ်ကျက်အလေ့အထ ပြောင်းလဲခြင်း၊ သင်ရိုးòန်းတမ်းပြောင်းလဲခြင်း၊ ဆရာအရည်အသွေးပြောင်းလဲခြင်း စသည့် ပညာရေးဘက်၌ ပြောင်းလဲခြင်းအမျိုးမျိုးတို့အား ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ယနေ့လက်ရှိ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအတွက်အထူးလိုအပ်နေသည်မှာ စိတ်ဓာတ်နှင့် စွမ်းရည်မြင့်မားတိုးတက်ရေး ဖြစ်သည်။ အထူးသဖြင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ ကိုယ်ကျင့်တရား ကောင်းရေးနှင့် လမ်းမှားသို့ မရောက်ရှိစေရေးဖြစ်သည်။ လူငယ်အများစုနှစ်သက်သည့် ကွန်ပျူတာနည်းပညာ ဂိမ်းစွဲလမ်းမှုကို လျှော့ချပေးရေးလည်း ပါဝင်သည်။ နိုင်ငံကြီးသားပီသရေး၊ ဆန်းသစ်တီထွင်မှုနှင့် အတွေးအခေါ် မြင့်မားတိုးတက်ရေးတို့လည်း ပါဝင်သည်။ မျက်မှောက်ကာလသည် နည်းပညာဆန်းသစ်မှုများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသဖြင့် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် နောက်ကျ မကျန်ရစ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပညာရေးသည် အနာဂတ်နိုင်ငံတော်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်၍ ပညာရေးဘက်၌ ကျောင်းသား ကျောင်းသူများ၊ မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့်မိမိနေထိုင်ရာ နိုင်ငံနှင့် မျက်မှောက်ကမ္ဘာကြီးအတွက် အကောင်းဆုံးပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများကို ထိရောက်စွာ အသုံးချတတ်နိုင်စေရန် ပညာရေးပိုင်းသာမက လူမှုပတ်ဝန်းကျင်တစ်ခုလုံးက ဝိုင်းဝန်းကြံဆ၊ အားပေးကူညီ ပံ့ပိုးပေးကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ


